ဒီနေ့ဟာ ကမ္ဘာပေါ်မှာ Hip Hop ဂီတ စတင်ပေါ်ပေါက်ခဲ့တာ (၄၄) နှစ်ပြည့်အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ Hip Hop နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ Hip Hop လောကရဲ့ဂီတမျိုးဆက်များအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

၁၉၇၃ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှာ အသက် (၁၈) နှစ်အရွယ် Kool Herc ဆိုတဲ့ ဂျာမေကန်-အမေရိကန်နွယ်ဖွား DJ လေး တစ်ယောက်ဟာ New York မြို့၊ Bronx ရပ်ကွက်မှာ ကျောင်းဖွင့်ရာသီ ကြိုဆိုပွဲတစ်ခုကို စီစဉ်ပေးခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူသီချင်းဖွင့်ခွင့်ရချိန်မှာပဲ သူဟာ ပုံမှန်ကနေ ကွဲထွက်တဲ့အရာတစ်ခုခုကို စမ်းသပ်ချင်လာပါတယ်။ ဒါကြောင့် သူဟာ သီချင်းတွေကို တစ်ပုဒ်လုံး အဆုံးထိဖွင့်မယ့်အစား အပိုင်းပိုင်းဖြတ်တောက်ပြီး အောက်ကလူထုကို ဝါးခနဲအော်ဟစ်အားပေးစေနိုင်လောက်တဲ့ အပိုင်းလေးတွေကိုပဲ တီထွင်ဖွင့်ပြခဲ့ပါတယ်။ အဲဒီလို သူဖွင့်နေချိန်မှာ သူ့သူငယ်ချင်း Coke La Rock က မိုက်ခရိုဖုန်းတစ်လုံးကိုင်ပြီး အောက်ကပရိသတ်ကို မြူးကြွလာအောင် တိုက်တွန်းအားပေးခဲ့ပါတယ်။ အဲဒီအခိုက်အတန့်လေးကစပြီး Hip Hop ဂီတ စတင်မွေးဖွားလာခဲ့ပါတယ်။



 

ယနေ့မှာဆိုရင် Hip Hop ဂီတပေါ်ပေါက်ခဲ့တာ (၄၄) နှစ်ပြည့်ပါပြီ။ Google ကလည်း Hip Hop ဂီတပေါ်ပေါက်ခဲ့တာ (၄၄) နှစ်ပြည့် အထိမ်းအမှတ်ကို ရည်စူးပြီး ကျော်ကြားတဲ့ Graffiti (နံရံပေါ်မှာပုံဆွဲခြင်း) အနုပညာရှင် Cey Adams ရဲ့လက်ရာကို Google Doodles အဖြစ် ဂုဏ်ပြုပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဆိုလည်း Hip Hop ဂီတပေါ်ပေါက်လာခဲ့တာ (၁၀) စုနှစ်တစ်ခု ကျော်လွန်ခဲ့ပါပြီ။ မြန်မာနိုင်ငံ Hip Hop လောကကို Generation အလိုက် ခွဲခြားခဲ့ကြပြီး Generation (မျိုးဆက်အလိုက်) ကျော်ကြားခဲ့တဲ့ အဖွဲ့တွေ၊ အဆိုတော်တွေကို ဒီဆောင်းပါးလေးနဲ့ ဂုဏ်ပြုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ First Generation (ပထမမျိုးဆက်)

 

မြန်မာနိုင်ငံ Hip Hop လောကရဲ့ First Generation ကို ဦးဆောင်ခဲ့တာကတော့ အားလုံးသိထားကြတဲ့အတိုင်း Acid အဖွဲ့ပါပဲ။ Acid အဖွဲ့မပေါ်ပေါက်ခင် ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွေမှာ ဦးမျိုးကျော့မြိုင်က Rap သီချင်းတွေကို ဖန်တီးသီဆိုခဲ့ပေမယ့်လည်း HipHop နဲ့ Rap ရဲ့သီဆိုဟန်ကွဲပြားမှုလေးတွေရှိတာကြောင့် Acid အဖွဲ့ကိုပဲ First Generation အဖြစ် သတ်မှတ်ထားကြပါတယ်။ Acid အဖွဲ့မှာ ကိုဟိန်းဇော် (ကွယ်လွန်)၊ ကိုအနဂ္ဂ၊ ကိုရန်ရန်ချမ်းနဲ့ ကိုဇေယျာသော်တို့ ပါဝင်ပြီး ၂၀၀၀ ခုနှစ်မှာ စတင်ခြင်း ဆိုတဲ့ အခွေလေးကို စတင်ထုတ်ဝေခဲ့ခြင်းဖြင့် သူတို့ရဲ့ဂီတခရီး (မြန်မာ Hip Hop လောကရဲ့ ဂီတခရီး) ကို စတင်လျှောက်လှမ်းခဲ့ပါတယ်။

မြန်မာဂီတလောကမှာ ဂီတအမျိုးအစားသစ်ဖြစ်တာကြောင့် ရှုံးမယ်လို့ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့ပေမယ့် စတင်ခြင်းအခွေလေးဟာ အတိုင်းအတာတစ်ခုထိ ပေါက်ခဲ့ပြီး (၂) လ ကျော်လောက်ထိ မြန်မာနိုင်ငံအရောင်းရဆုံးစာရင်းမှာ နေရာယူနိုင်ခဲ့ပါတယ်။ ဒီအခွေလေးဟာ သူတို့အဖွဲ့ရဲ့သမိုင်းဖြစ်သလို မြန်မာ Hip Hop လောကရဲ့သမိုင်းလည်း ဖြစ်ခဲ့ပါတယ်။ ကာရန်ညီညီ၊ စည်းချက်ညီညီ စကားလုံးတွေရဲ့ပေါက်ကွဲမှုဟာ အဲဒီခေတ်လူငယ်တွေရဲ့ရင်ဘတ်ထဲမှာ အပြည့်အဝနေရာယူနိုင်ခဲ့ပြီး "တနေ့မှာ ငါလည်း Hip Hop အဆိုတော်ဖြစ်ရမယ်" ဆိုတဲ့ အိမ်မက်တွေ ပေါ်ပေါက်လာဖို့လည်း ရှေ့ဆောင်လမ်းပြပေးနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့နောက်ပိုင်းမှာ ကိုဘာဘူနဲ့ ကိုသားစိုးရဲ့ Theory အဖွဲ့၊ ကိုကျော်သူစိုးနဲ့ ကိုလင်းလင်းရဲ့ NS အဖွဲ့၊ ကိုစောညီညီတို့ သူငယ်ချင်းတစ်စုရဲ့ Too Big အဖွဲ့ဆိုပြီး တခြားလူငယ် Hip Hop အဖွဲ့တွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ First Generation (ပထမမျိုးဆက်) ရဲ့ Hip Hop ပုံစံက Old School Hip Hop ပုံစံတွေများပါတယ်။

 

နောက်ပိုင်းမှာ ဝေဖန်မှုတွေပေါ်ပေါက်ခဲ့ပေမယ့် မြန်မာ Hip Hop လောကရဲ့ စာမျက်နှာတစ်ရွက်ဖြစ်လာတာကတော့ ကိုစိုင်းစိုင်းခမ်းလှိုင်ရဲ့ Pop ဂီတပုံစံနဲ့ Hip Hop သီချင်းရောမွှေဖန်တီးတဲ့ ပုံစံပါပဲ။ ၂၀၀၀ ခုနှစ် မတ်လမှာပဲ "ချောကလက်ရောင် ရေခဲအိမ်မက်" ဆိုတဲ့အခွေကို ထုတ်ဝေခဲ့တဲ့ ကိုစိုင်းစိုင်းခမ်းလှိုင်ကိုလည်း First Generation အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ရမှာပါပဲ။ သူဟာ acid စတင်ခြင်းထဲမှာလည်း ဝင်ရောက်သီဆိုခဲ့ပါသေးတယ်။

ချောကလက်ရောင် ရေခဲအိမ်မက် အခွေဟာ သိပ်မပေါက်ခဲ့ပေမယ့် ဒုတိယအခွေဖြစ်တဲ့ "သူငယ်ချင်းများစွာ" အခွေကတော့ အတိုင်းအတာတစ်ခုထိပေါက်ခဲ့ပါတယ်။ Hip Hop ဆိုတဲ့ ဂီတအမျိုးအစားသစ်ကို မိန်းကလေးတွေပါ နှစ်သက်အားပေးလာအောင် စည်းရုံးနိုင်ခဲ့သူထဲမှာတော့ ကိုစိုင်းစိုင်းခမ်းလှိုင်ဟာလည်း တစ်ယောက်အပါအဝင်ပါပဲ။ ဒီလိုနဲ့ မြန်မာ Hip Hop ဟာ ဒုတိယမျိုးဆက်ထိ တိုင်ခဲ့ပါတယ်။

၂။ Second Generation (ဒုတိယမျိုးဆက်)

 

Acid အဖွဲ့ရဲ့အောင်မြင်မှုတွေနောက်မှာ ဆက်လိုက်လာခဲ့တာကတော့ "9mm" ဆိုုတဲ့ အဖွဲ့လေးပါပဲ။ ၉၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားတဲ့လူငယ်တွေ (90's kids) ထဲမှာ "9mm" ရဲ့ "အချစ်ဆုံးသူငယ်ချင်း" ဆိုတဲ့ သီချင်းကို မသိတဲ့သူ၊ လိုက်မဆိုဖူးတဲ့သူ ရှိမယ်မထင်ပါဘူး။ "တားဆီးထားတဲ့... တို့နှစ်ယောက်ရဲ့အဖြူရောင်စည်းလေးရှိခဲ့တယ်.... မင်းအတွက်နဲ့ ငါ့ဘဝမှာ အရာရာစတေးခဲ့မိတယ်" အစချီတဲ့ chorus အပိုဒ်နဲ့ ကာရန်ညီတဲ့ Rap စာသားတွေကို အဲဒီခေတ်က လူငယ်တိုင်းလိုလို ဂစ်တာတီးရင်း သီဆိုခဲ့ကြပါတယ်။ ဒါဟာ Second Generation ရဲ့အစလို့ပဲ ဆိုရမှာပါ။ ဒါပေမယ့် 9mm ရဲ့အဲဒီ mixtape အခွေလေးဟာ အချစ်သီချင်းတွေကိုသာမက သမီးရည်းစားချင်းရန်ဖြစ်တဲ့အခါ ကာရန်နဲ့ရင်ဖွင့်ပြောဆိုတဲ့ဟန်တွေ၊ စကားလုံးကြမ်းကြမ်းတွေနဲ့ Hip Hop ယဉ်ကျေးမှုတွေကို ပိုမိုပေါ်လွင်လာစေခဲ့ပါတယ်။

အဲဒီအချိန်မှာလည်း မြန်မာ Hip Hop လောကမှာ UG (Underground) ဆိုတဲ့ ဝေါဟာရဟာလည်း စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ဆင်ဆာဘုတ်အဖွဲ့ရဲ့အဖြတ်အတောက်ကြမ်းမှုတွေကို မကျော်ဖြတ်နိုင်ခဲ့တဲ့ UG အဖွဲ့လေးတွေဟာ မြေအောက်မှာပဲ သီချင်းလေးတွေဖြန့်ရင်း၊ အင်တာနက်ပေါ်မှာ သီချင်းလေးတွေတင်ရင်း အချိန်ကုန်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီလို ပိတ်ပင်တားဆီးမှုတွေကပဲ Hip Hop ယဉ်ကျေးမှုကို ပိုမိုပေါ်လွင်စေခဲ့တယ်ပဲ ဆိုရမယ်ထင်ပါတယ်။ ပိတ်ပင်တားဆီးမှုတွေကြားမှာပဲ ကာရန်တွေကို ရွတ်ဆိုရင်း Hip Hop ရွှေခေတ်ကို ရောက်ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Second Generation ရဲ့ UG နဲ့ mainstream က ဂီတအဖွဲ့တွေဟာ မြန်မာ Hip Hop သမိုင်းကြောင်းမှာ အကောင်းဆုံးလို့ခေါ်ဆိုထိုက်တဲ့ သီချင်းတွေကို ဖန်တီးနိုင်ခဲ့လို့ပါပဲ။

နောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ Project-1 (ကိုဂျေမီ (J-me)၊ ကိုကြက်ဖ၊ ကို Bigg-Y) ၊ On Track (ကို Bigg-Y) နဲ့ ကိုချိုချို ၊ Cyclone (ကို G-Tone နဲ့အဖွဲ့)၊ Fire Cracker (ကိုရဲလေး၊ ကိုရသ၊ ကိုချမ်းအေးဝင်း၊ ကိုဘိုလေး)၊ G-Family (ကိုနေဝင်း၊ ကိုဖြိုးလေး)၊ Examplz (ကိုထွန်းထွန်းနဲ့အဖွဲ့) အစရှိတဲ့ Hip Hop အဖွဲ့တွေဟာ Second Generation အင်ပါယာကြီးကို တညီတညာတည်း တည်ထောင်ခဲ့ကြပါတယ်။ သူတို့ခေတ်မှာ သီချင်းကောင်းများစွာ ပေါ်ထွက်ခဲ့သလို လူငယ်ပရိသတ်ရဲ့တခဲနက် ထောက်ခံအားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

 

Second Generation ရဲ့ဂီတအဖွဲ့အများစု ပါဝင်သီဆိုထားတဲ့ "လမ်းဘေးကာရန်များ" ဆိုတဲ့အခွေဟာလည်း လူငယ်ထုရဲ့ အားပေးမှုတွေအောက်မှာ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ KRS-One ကြီးပြောခဲ့တဲ့ "Rap is something we do, Hip Hop is something we live!" (Rap ဂီတဆိုတာ ကျွန်တော်တို့ဖန်တီးတဲ့အရာ၊ Hip Hop ဆိုတာ ကျွန်တော်တို့နေထိုင်ရာအရပ်) ဆိုတဲ့ စကားကိုလည်း လူငယ်ထုကြားမှာ ရေပန်းစားအောင် ပြုလုပ်နိုင်ခဲ့ပြီး လူငယ်တွေကို Pop သံစဉ်ချိုချိုလေးနဲ့ ကွဲပြားတဲ့ Ghetto Hip Hop ကို ချပြနိုင်ခဲ့ပါတယ်။

Second Generation ရဲ့ အဖွဲ့အများစုုကို "Myanmar Hip Hop Association" MHA လို့ လူသိများပြီး MHA အဖွဲ့ဝင် ကိုဂျေမီ၊ ကိုရသ၊ ကိုကြက်ဖနဲ့ ကို Bigg-Y တို့ကိုလည်း ယနေ့ထိတိုင် မြန်မာ Hip Hop လောကရဲ့ legend တွေအဖြစ် လူငယ်တွေက သတ်မှတ်ထားကြပါတယ်။ သူတို့ကိုကြည့်ပြီး နောင်တချိန်မှာ ကိုယ်တိုင် Hip Hop artist ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အိမ်မက်မက်ခဲ့သူတွေလည်း မနည်းပါဘူး။ ပိုကောင်းတာ တစ်ခုက သူတို့ခေတ်မှာ Hip Hop ကို အင်္ကျ ီအပွ၊ ဘောင်းဘီအပွဝတ်ပြီး ကာရန်တွေရွတ်တဲ့ဂီတအမျိုးအစားထက်ပိုတဲ့ "DJ (အတီး), MC (အဆို)၊ B-boying (အက)၊ Graffiti (နံရံဆေးမှုတ်အနုပညာ)၊ Slang (ဗန်းစကားဖန်တီးခြင်း)" အစရှိတဲ့ subculture တွေပါဝင်တဲ့ ယဉ်ကျေးမှုတစ်ခုအဖြစ် ချပြနိုင်ခဲ့တာပါပဲ။

၃။ Third Generation (တတိယမျိုးဆက်)

 

၂၀၀၆ ခုနှစ်နောက်ပိုင်းမှာတော့ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ထိန်ဝင်း တို့ သူငယ်ချင်းတစ်စုဟာ "Third Generation" အဖြစ် ခံယူပြီး VIP ဆိုတဲ့အဖွဲ့နာမည်နဲ့ Hip Hop သီချင်းတွေကို ဖန်တီးခဲ့ကြပါတယ်။ သူတို့ခေတ်မှာတော့ Hip Hop လောကဟာ အတိုက်အခိုက်အများဆုံးကာလဖြစ်ပြီး ဝေဖန်သံတွေ စီစီညံအောင် ထွက်ပေါ်ခဲ့ပါတယ်။ ဂျောက်ဂျက်တို့ VIP အဖွဲ့ရဲ့ Sample Mixtape အခွေဟာ အွန်လိုင်းပေါ်ကနေတဆင့် ကျေးလက်နေလူထုကြားထိတောာင် ပျံနှံ့ခဲ့ပြီး "ဘူလေးလဲ" ဆိုတဲ့သီချင်းဟာ ဝေဖန်မှုတွေနဲ့အတူ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

တတိယမျိုးဆက်ရဲ့ သီချင်းတွေဟာ ghetto (ရပ်ကွက်အထာ) ပိုဆန်ပြီး ဆဲသံ၊ ဆိုသံတွေကို ကာရန်အဖြစ်ယူပြီး အသုံးပြုခဲ့တဲ့အတွက် ဝေဖန်မှုတွေ၊ ပိတ်ပင်မှုတွေပေါ်ပေါက်ခဲ့သလို လူငယ်ထုကြားမှာတော့ အောင်မြင်ခဲ့တာအမှန်ပါပဲ။ သူတို့မျိုးဆက်မှာတော့ "Gangster Rapper" ဆိုတဲ့အသုံး၊ "Ghetto" ဆိုတဲ့အသုံးတွေကို တွင်တွင်ကျယ်အောင် သုံးလာကြပြီး Hip Hop ရဲ့ပုံစံက စော်ကိုသီချင်းနဲ့ညုတဲ့ပုံစံကနေ စော်ကိုသီချင်းထဲမှာဆဲလို့ရတဲ့၊ လွတ်လပ်စွာပေါက်ကွဲလို့ရတဲ့ ဂီတပုံစံကို လုံးဝနီးပါးကူးပြောင်းသွားပါတော့တယ်။

ဂျောက်ဂျက်တို့ VIP အဖွဲ့လည်း နောက်ပိုင်းမှာ Rockstar ဆိုတဲ့နာမည်ပြောင်းပြီး သီချင်းတွေကို ဆက်လက်ဖန်တီးခဲ့သလို BGF (Beyond God Family) လိုမျိုး တခြားတတိယမျိုးဆက်အဖွဲ့တွေလည်း ပေါ်ပေါက်လာခဲ့ပါသေးတယ်။

၄။ နောက်ပိုင်းမျိုးဆက်များ

 

တတိယမျိုးဆက်နောက်မှာတော့ ဗိုလ်တစ်ထောင်က လူငယ် Rapper တွေစုပြီး "Anti-Generation" ဆိုတဲ့ Hip Hop လှုပ်ရှားမှုတစ်ခု ဆက်လက်ပေါ်ပေါက်လာခဲ့ပါသေးတယ်။ Satan, Playa K အစရှိတဲ့ လူငယ် Rapper တွေစုပြီး မျိုးဆက်တွေခွဲခြားပြီး နောက်တက်လူငယ်တွေကို နှိမ်ချဆက်ဆံမှုတွေကို ကန့်ကွက်တဲ့သီချင်းတွေ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရဲ့လှုပ်ရှားမှုကလည်း အတိုင်းအတာတစ်ခုထိ ဂယက်ရိုက်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ Lil Z, Xbox, Oasix, ASH အစရှိတဲ့ နောက်မျိုးဆက် လူငယ် Rapper တွေ ဆက်လက်ပေါ်ပေါက်လာခဲ့ပြီး Hip Hop ရထားကြီးကို ရှေ့ရောက်အောင် ဆက်လက်သယ်ဆောင်သွားပါတော့တယ်။

(မှတ်ချက်။  ။ ဒီဆောင်းပါးဟာ Hip Hop နှစ်ပတ်လည်နေ့မှာ မြန်မာ Hip Hop လောကအကြောင်း ဂုဏ်ပြုတဲ့အနေနဲ့ ရေးလိုက်တာ ဖြစ်ပါတယ်။ အမှားအယွင်းတွေ၊ လိုအပ်ချက်တွေရှိပါက သည်းခံပေးကြပါလို့ :P )


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က