တစ္ဆေတွေဆိုတာကို ယေဘုယျအားဖြင့်တော့ လူသားကမ္ဘာနဲ့လည်း အဆက်အစပ်မရှိ၊ သေဆုံးသူတို့ရဲ့ကမ္ဘာနဲ့လည်း အဆက်အစပ်မရှိဘဲ ကြားမှာ မျောနေတဲ့ ဝိဉာဉ်တွေအဖြစ်သတ်မှတ်လို့ရပါတယ်။ အဲဒီကမ္ဘာ (၂) ခု (သို့) ဘုံလောကနှစ်ခုကြားက သူတို့ရောက်ရှိနေတဲ့ ဘုံကို astral world (တမလွန်လောက) လို့ခေါ်ပါတယ်။
အဲဒီတစ္ဆေ (ဝိဉာဉ်)တွေဟာ ဒီလောကကြီးထဲမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆက်ရှိနေတာပါ။ တချို့က စွဲလမ်းမှုတွေကြောင့်၊ တချို့က မပြီးပြတ်သေးတဲ့တာဝန်တွေကြောင့်၊ တချို့ကဂလဲ့စားချေလိုမှုကြောင့်၊ တချို့က သူတို့ရဲ့သေဆုံးမှုကို လက်မခံနိုင်ခြင်းကြောင့်... အကြောင်းကြောင်း ကြောင့်ဖြစ်နိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့ဟာ တမလွန်လောကမှာ ပိတ်မိနေကြောင်း သိရှိလာပြီး အဲဒီလို ဟိုမရောက်၊ ဒီမရောက်ဘဝဟာ ဘယ်လောက်နာကျင်ရကြောင်း နားလည်သဘောပေါက် လာပါတော့တယ်။ အဲဒီအချိန်မှာ သူတို့ဟာ လက်ရှိရောက်နေတဲ့လောကကနေ ထွက်ခွာသွားနိုင်ဖို့ သက်ရှိလူသားတွေရဲ့ အကူအညီလိုအပ်လာပါတော့တယ်။ ဒါမှသာ သူတို့တွေ လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။
အဲဒီလိုု တစ္ဆေ/ဝိဉာဉ်တွေ လူသားတစ်ယောက်ကို ဆက်သွယ်ဖို့ကြိုးစားလာတဲ့အခါမှာ သိရှိနိုင်တဲ့ သင်္ကေတ၊ လက္ခဏာတွေ ရှိပါတယ်။ တကယ်လို့ မိမိပတ်ဝန်းကျင်မှာ ဒီလိုသင်္ကေတတွေပြနေပြီဆိုရင် တစ္ဆေ/ ဝိဉာဉ်တစ်ကောင် မိမိကို ဆက်သွယ်နေပြီလို့ သိရှိနိုင်ပါတယ်။
ဝိဉာဉ်တွေ/ တစ္ဆေတွေဟာ လူကိုတိုက်ရိုက်မထိတွေ့နိုင်ပါဘူး။ အကြောင်းရင်းကတော့ ဘုံဘဝချင်း ကွာခြားလို့ပါပဲ။ အဲဒီတော့ လူသားတွေ သူတို့ကို သတိပြုမိစေဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကတော့ အလင်းရောင်ထုတ်လွှတ်ပေးတဲ့ လျှပ်စစ်ပစ္စည်းတွေကို မှိတ်တုပ်-မှိတ်တုပ်ဖြစ်အောင် ကစားပြတာပါပဲ။ သူတို့နားမှာ ခင်ဗျားရောက်နေပြီဆိုရင် မီးသီး/မီးချောင်းတွေကို မှိတ်တုပ်-မှိတ်တုပ်ဖြစ်အောင် (သို့) လင်းလိုက်/မှိန်လိုက်ဖြစ်အောင် လုပ်ပြခြင်းဖြင့် ခင်ဗျား သတိထားမိလာအောင် ကြိုးပမ်းပါလိမ့်မယ်။
ညဘက်အချိန်တွေဆို ပိုသိသာပါတယ်။ ဉာဉ့်နက်သန်းခေါင်အချိန်မှာ ကိုယ့်အိမ်ထဲမှာပဲဖြစ်ဖြစ်၊ မှောင်မဲတဲ့လမ်းပေါ်မှာပဲဖြစ်ဖြစ် လမ်းလျှောက်နေရင်း ကိုယ့်နောက်က တစ်ယောက်ယောက် လိုက်လာနေသလို မသိုးမသန့် ခံစားရဖူးပါသလား။ အဲဒီတစ္ဆေတွေ၊ ဝိဉာဉ်တွေဆိုတာ ဆုံးပါးသွားတဲ့ မိမိရဲ့ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေ ဖြစ်နေလို့ မိမိကို ယုံကြည်နေတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရမ်းကြောက်ရွံ့ မသွားပါနဲ့။ အမျှဝေတာ (သို့) ကိုးကွယ်ရာဘာသာအလိုက် ဆုတောင်းပေးတာ တစ်ခုခုလုပ်ပေးလိုက်ပါ။
ဝိဉာဉ်တစ်ကောင် လိုက်တာခံနေရပြီဆိုရင် (ကောင်းတဲ့ဝိဉာဉ်ပဲဖြစ်ဖြစ်၊ ဆိုးတဲ့ဝိဉာဉ်ပဲဖြစ်ဖြစ်) ကိုယ့်အနားမှာ လိပ်ပြာတွေ၊ ငှက်မွှေးတွေကို ပိုမိုသတိပြုမိလာပါလိမ့်မယ်။ (မင်းအနားကဝဲတဲ့ လိပ်ပြာတွေလောက်တော့ ~~~~ တို့က ဘယ်လန်းမလဲ ဆိုတဲ့ သီချင်းစာသားကြီးလည်း ကြားယောင်မနေနဲ့ဦးနော်။) အရင်ကလည်း တွေ့ဖူးချင်တွေ့ဖူးမှာဖြစ်ပေမယ့် ဝိဉာဉ်လိုက်တာ ခံနေရပြီဆိုရင် ဒီအရာတွေကို ပတ်ဝန်းကျင်မှာ ပိုမိုသတိထားမိလာပါလိမ့်မယ်။
တစ်ခါတလေကျရင် မိမိပတ်ဝန်းကျင်မှာ ပုံသဏ္ဍာန်မသဲကွဲတဲ့ အရိပ်မဲကြီးလိုလို၊ ဘာလိုလိုတွေ မြင်ရတတ်ပါတယ်။ သစ်ပင်သစ်ကိုင်းတွေ လေတိုက်လို့ လှုပ်တာဖြစ်မှာပါလို့ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်ရပေမယ့် တကယ်မဟုတ်ကြောင်းလည်း မသိစိတ်ထဲက သိနေမှာပါ။ လူတွေ၊ အရာဝတ္ထုတွေကြောင့် အရိပ်တွေထက် တစ္ဆေ/ဝိဉာဉ်တွေကြောင့်ဖြစ်တဲ့ အရိပ်တွေက ပိုမိုထူထပ်ပြီး မဲမှောင်နေပါလိမ့်မယ်။
တစ္တေတစ်ကောင် ကိုယ့်အနားရောက်နေချိန်မှာ ထူးခြားတဲ့အနံ့တစ်မျိုးကို ခံစားရမှာပါ။ (တချို့ကလည်း အဲဒါကို ကြက်ဥပုပ်နံ့၊ ဆာလ်ဖာနံ့လို့ ဆိုကြပါတယ်။) ဒါမှမဟုတ် ရေမွှေးနံ့စူးစူးလိုမျိုး တခြား ပုပ်အက်အက်အနံ့တစ်မျိုးလည်း ဖြစ်နေနိုင်ပါတယ်။ နောက်တစ်ခုက ရုတ်တရက် ကျောထဲက စိမ့်ခနဲအေးသွားတာတို့၊ အပူချိန်ပြောင်းလဲသွားတာတို့လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက ကြီးကြီးမားမား ပြောင်းလဲမှုမျိုး မဟုတ်ပေမယ့် ခင်ဗျားသတိထားမိနိုင်လောက်တဲ့ အပြောင်းအလဲမျိုး ဖြစ်နေနိုင်ပါတယ်။
Source: Youngisthan
Share