Libb Thims ဆိုတဲ့ အမေရိကန်လူမျိုး လျှပ်စစ်ဓာတု အင်ဂျင်နီယာတစ်ဦးက ဉာဏ်ကြီးရှင်၊ ပါရမီရှင်တွေဟာ IQ ၂၀၀ ကျော် ဝန်းကျင်မှာ ရှိနေကြောင်းထောက်ပြခဲ့ပါတယ်။ သူတို့ဟာ ပင်ကိုပါရမီရင့်သန်သလို မဆုတ်မနစ် ဇွဲလုံ့လနဲ့လည်း ပြည့်စုံသူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ IQ လယ်ဗယ်အလိုက် ကမ္ဘာပေါ်မှာ ဉာဏ်အကောင်းဆုံးသူတွေကတော့....
Johann Goethe ဟာ ၁၇၄၉ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ဂျာမနီနိုင်ငံမှာ ဖွားမြင်ခဲ့ပြီး ၁၈၃၂ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ IQ ၂၁၀-၂၂၅ လောက်ရှိပြီး လူသားဓာတုဗေဒသိပ္ပံ အဖွဲ့အစည်းကို ထူထောင်ခဲ့ပါတယ်။ နောက်ပြီး သူဟာ လူ့သမိုင်းမှာအရေးပါတဲ့ evolution theory (ဆင့်ကဲပြောင်းလဲတိုးတက်မှု သီအိုရီ) ကိုလည်း စတင်မိတ်ဆက်ပေးခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။
၂၀ ရာစုရဲ့အကြီးမြတ်ဆုံးသိပ္ပံပညာရှင်ကြီးလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ ဂျာမန်လူမျိုး သိပ္ပံပညာရှင် Albert Einstein ကိုတော့ ၁၈၇၉ ခုနှစ် မတ်လ (၁၄) ရက်နေ့မှာ ဂျာမနီနိုင်ငံ Ulm မြို့မှာ ဖွားမြင်ခဲ့ပြီး ၁၉၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှာ ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်။ သူဟာ သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူဖော်ထုတ်ခဲ့တဲ့ နှိုင်းရသီအိုရီ (theory of relativity) ဟာ မျက်မှောက်ခေတ်ရူပဗေဒရဲ့ ထောက်တိုင်ကြီး (၂) ခုထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ((Quantum mechanics) နဲ့အတူ) သူ့ရဲ့ IQ ဟာ ၂၀၅-၂၂၅ ခန့်ရှိပြီး သူ့ရဲ့နာမည်အကြီးဆုံးဖော်မြူလာကတော့ ဒြပ်ထု- စွမ်းအင် ညီမျှခြင်းတစ်ခုဖြစ်တဲ့ (E= mc^2) ပဲဖြစ်ပါတယ်။
၁၄၅၂ ခုနှစ် ဧပြီလမှာ ဖွားမြင်ခဲ့တဲ့ အီတလီလူမျိုး စွယ်စုံရပညာရှင် လီယိုနာဒို ဒါဗင်ချီကိုတော့ သူ့ရဲ့နာမည်ကျော် မိုနာလီဆာ ပန်းချီကားနဲ့တွဲပြီး သိရှိနေကြမှာပါ။ ဒါဗင်ချီဟာ ဘဏ်လုပ်ငန်းပိုင်ရှင်မိသားစုဖြစ်တဲ့ Medici မိသားစုအုပ်စိုးတဲ့ Florene မြို့ပြ နိုင်ငံတော်မှာ ကြီးပြင်းခဲ့ပြီး ငယ်ဘဝကို တီထွင်မှုတွေ၊ ပန်းချီကားတွေ၊ ပန်းပုလက်ရာတွေ၊ ဆောက်လုပ်ရေးတွေ၊ သိပ္ပံဆိုင်ရာ စမ်းသပ်ချက်တွေနဲ့ ကုန်ဆုံးခဲ့ပါတယ်။
သူ့ကို ကမ္ဘာ့အကောင်းဆုံးပန်းချီဆရာတွေထဲက တစ်ယောက်အဖြစ်သတ်မှတ်ကြသလို ကမ္ဘာ့အထူးချွန်ဆုံး တီထွင်ပါရဂူ တစ်ဦးအဖြစ်လည်း ညွှန်းဆိုကြပါတယ်။ သူဟာ စိတ်ဝင်တစားလေ့လာခဲ့တဲ့ နယ်ပယ်တွေ အရမ်းများပြားပြီး ဘာတစ်ခုကိုမှ တစိုက်မတ်မတ်သေချာမလေ့လာခဲ့လို့သာ ကမ္ဘာ့တီထွင်ပါရဂူစာရင်းထဲမှာ ထိပ်ဆုံးမရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ လက်ရာတော်တော်များများက သူ့ကို ဉာဏ်ပညာကြီးရင့်မှုကို လှစ်ဟပြသနေပါတယ်။ သူ့ရဲ့တီထွင်မှုထဲမှာ လေထီး၊ ဟယ်လီကော်ပတာ၊ တင့်ကား၊ ရေငုပ်သင်္ဘောတို့ရဲ့ ရှေ့ပြေးပုံစံတွေပါ ပါဝင်နေပါတယ်။ အဲဒီလို ပါရမီရှင်ကြီးရဲ့ IQ ကတော့ ၁၈၀-၂၂၀ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာအကြီးမြတ်ဆုံး သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ အင်္ဂလန်လူမျိုး သိပ္ပံပညာရှင် ဆာ အိုင်းဆက်နယူတန်ကိုတော့ ၁၆၄၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ အင်္ဂလန်နိုင်ငံမှာ ဖွားမြင်ခဲ့ပါတယ်။ သူကတော့ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ ရူပဗေဒ ပညာရှင်တစ်ဦးဖြစ်ပြီး ကမ္ဘာ့သမိုင်းမှာ သြဇာအလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ်တွေထဲမှာလည်း ထိပ်ပိုင်းက ပါဝင်ပါတယ်။ သင်္ချာပညာရပ်မှာ အလွန်အရေးပါတဲ့ calculus ကိုလည်း တီထွင်ခဲ့ပါသေးတယ်။ သူ့ရဲ့နာမည်အကြီးဆုံးရှာဖွေတွေ့ရှိမှုကတော့ ဒြပ်ဆွဲအား ဆိုင်ရာနိယာမ (Law of Gravity) ဖြစ်ပြီး "သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်" ဆိုတဲ့ နိယာမကို လူသိများပါတယ်။ သူ့ရဲ့ IQ ကတော့ ၁၉၀-၂၀၀ ဖြစ်ပါတယ်။
စကော့တလန်လူမျိုး သင်္ချာပညာရှင်နဲ့ ရူပဗေဒပညာရှင် ဂျိမ်းစ် မတ်စ်ဝဲလ်ကိုတော့ ၁၈၃၁ ခုနှစ် ဇွန်လ (၁၃) ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ သူ့ရဲ့ IQ ကတော့ ၁၉၀-၂၀၅ ခန့်ရှိပြီး သူဟာလည်း ခေတ်သစ် ရူပဗေဒရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ Quantum Theory ကို ဖော်ထုတ်ခဲ့သလို လျှပ်စစ်သံလိုက် ဓာတ်ရောင်ခြည်လွှင့်ခြင်း သီအိုရီ (Theory of Electromagnetic Radiation) ကိုလည်း တီထွင်ခဲ့ပါတယ်။
Source: Youngisthan
Share