မိန်းကလေးဖြစ်ရတာလည်း တကယ်တမ်းတော့ မလွယ်ပါဘူး။ တစ်လတစ်ခါ စိတ်ရှုပ်ရတဲ့ဒုက္ခ၊ အိမ်ထောင်ပြုပြီးရင်လည်း ကိုယ်ဝန်ဆောင်သားမွေးလုပ်ရတဲ့ ဒုက္ခတွေအပြင် ကိုယ်အလေးချိန် လျှော့ချတာမှာလည်း မိန်းကလေးတွေဝိတ်ချရတာ ယောကျ်ားလေးတွေထက် ပိုခက်ပါတယ်။
နောက်ပြီး မိတ်ကပ်ဖိုး၊ အဝတ်အစားဖိုး၊ ဖိနပ်ဖိုးတွေနဲ့ ယောကျ်ားလေးတွေထက် ငွေကုန်ကြေးကျ ပိုများပါတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျပါနဲ့ဦး... မိန်းကလေးတို့။ မိန်းကလေးဖြစ်ရတာမှာ ကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ Newport Beach မှာရှိတဲ့ Amen ဆေးခန်းက သိပ္ပံပညာရှင်တွေဟာ ဦးနှောက် scan ပေါင်း (၄၆၀၀၀) ကျော်ကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။ အဲဒီမှာ သူတို့ရဲ့လေ့လာမှုရလဒ်က အမျိုးသမီးတစ်ယောက်ရဲ့ဦးနှောက်မှာရှိတဲ့ ကောင်းကွက်တွေကို ဖော်ပြခဲ့ပါတယ်။ မကြာသေးခင်က သိပ္ပံပညာကလည်း ကလေးတွေဟာ သူတို့ရဲ့ဉာဏ်ပညာကို အမေတွေဆီက အမွေဆက်ခံရတာပါလို့ ဖော်ထုတ်တွေ့ရှိထားပါတယ်။
သုတေသနအဖွဲ့ဟာ လေ့လာမှုမှာပါဝင်တဲ့ ပုုဂ္ဂိုလ်တွေရဲ့ဦးနှောက်ဆီကို သွေးစီးဆင်းမှုတွေကို နှိုင်းယှဉ်တိုင်းတာခဲ့ကြပြီး အရင်တုံးက စိတ်ရောဂါအခြေအနေရှိမရှိကိုပါ ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။ နောက်ပြီး သူတို့တွေ တွေးနေချိန်မှာ၊ အလုပ်လုပ်နေချိန်မှာ၊ အိပ်နေချိန်မှာ ဦးနှောက်ကို တိုင်းတာစစ်ဆေးခဲ့ကြပါတယ်။ အဲဒီလို စစ်ဆေးနေရင်း ယောကျ်ားဦးနှောက်နဲ့ မိန်းမဦးနှောက်ကြားမှာ သိသားထင်ရှားတဲ့ ကွဲပြားမှုတွေရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။
ပထမတစ်ခုကတော့ မိန်းမတွေရဲ့ဦးနှောက်ဟာ ယောကျ်ားတွေရဲ့ဦးနှောက်ထက် စုစုပေါင်းလှုပ်ရှားမှု ပိုများနေတာကို တွေ့ရှိရပါတယ်။ ရလဒ်တွေကို ထပ်မံစစ်ဆေးကြည့်တဲ့အခါ မိန်းမတွေမှာ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ အာရုံစူးစိုက်ခြင်းနဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Prefrontal cortex ဆီကို သွေးစီးဆင်းမှုပိုများနေတာကို တွေ့ရှိရပါတယ်။
နောက်တစ်ခုက မိန်းမတွေရဲ့ဦးနှောက်ဟာ စိတ်ခံစားမှုနဲ့ မှတ်ဉာဏ်ကိုလွှမ်းမိုးနိုင်တဲ့ဧရိယာတစ်ခုဖြစ်တဲ့ limbic region မှာ လှုပ်ရှားမှုပိုများနေတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် မိန်းကလေးတွေက စာနာတတ်တဲ့နေရာမှာ၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့ နေရာမှာ သူမတူအောင်ထူးချွန်တယ်ဆိုတဲ့ စကားတွေက မှန်နေမယ်ထင်ပါတယ်။
ယောကျ်ားလေးတွေကျပြန်တော့ ဦးနှောက်ရဲ့အမြင်အာရုံနဲ့ဆိုင်တဲ့အပိုင်းတွေမှာ ပိုပြီး လှုပ်ရှားမှုများတဲ့အတွက် မျက်နှာတွေ၊ အရာဝတ္ထုတွေ၊ အရောင်တွေကို ပိုမှတ်မိနိုင်ပါသတဲ့။ သုတေသနက ယောကျ်ားဦးနှောက်နဲ့ မိန်းမဦးနှောက်သိပ်မကွာခြားပါဘူးလို့ ဆိုထားပေမယ့် တချို့ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်နိုင်စွမ်းကျပြန်တော့လည်း ယောကျ်ားနဲ့ မိန်းမ ကွာခြားသွားပြန်ပါတယ်။ ယောကျ်ားလေးတွေမှာကျတော့ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်မှုအားနည်းတဲ့စိတ်ရောဂါတစ်မျိုးဖြစ်နိုင်ခြေပိုများပြီး မိန်းမတွေကျတော့ အယ်လ်ဇိုင်းမားနဲ့ သောကနဲ့ဆိုင်တဲ့စိတ်ရောဂါတွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သုတေသနတွေက ဆိုထားပါတယ်။
Source: Reader's Digest
Share