အလိမ်ခံရတာဟာ သိပ်ကောင်းတဲ့ခံစားချက်တစ်ခုတော့ မဟုတ်ပါဘူး။ ကိုယ်ချစ်ရသူက ကိုယ့်ကိုလိမ်ညာတာခံရတာက ပိုဆိုးပါတယ်။ ဒါပေမယ့် ကိုယ့်ကို လူတစ်ယောက် လိမ်ညာနေလား။ ရိုးရိုးသားသား ဆက်ဆံနေလားဆိုလားဆိုတာကို ဘယ်လိုသိနိုင်မလဲ။
လွယ်လွယ်နဲ့ အလိမ်မခံရအောင် လူတစ်ယောက် ကိုယ့်ကို ညာတော့မယ်ဆိုရင် ဖြစ်သွားတတ်တဲ့ အချက်တွေကို ရှာဖွေ မှတ်တမ်းတင်ထားတာရှိလား။ ဒီမေးခွန်းတွေရဲ့အဖြေကို အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။
လူကဲခတ်ကောင်းတဲ့သူတွေအတွက်တော့ လိမ်ညာသူတစ်ယောက်ရဲ့မျက်နှာပေါ်မှာပေါ်လာတတ်တဲ့ တချို့အမူအရာလေးတွေကို စောင့်ကြည့်ပြီး သူ/သူမ ဘာတွေးနေလဲဆိုတာကို အရိပ်အကဲဖမ်းနိုင်ပါတယ်။ ဥပမာ... ပါးမှာရဲခနဲ ဖြစ်သွားတာတို့၊ ရုတ်တရက် မျက်လုံးချင်းမဆိုုင်ရဲဖြစ်သွားတာတို့၊ လိမ်ညာစကားပြောခါနီးမှ သူ့ကိုလိမ်နေမှန်းသိသွားမှာစိုးလို့ ကိုယ့်မျက်လုံးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်လာတာတို့... စသဖြင့် အမူအရာပျက်ယွင်းမှုလေးတွေရှိနိုင်ပါတယ်။
နှာခေါင်းပေါက်ကျယ်လာတာ၊ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာတာ၊ အသက်ရှူမြန်လာတာ၊ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လာတာတို့ကလည်း လိမ်ညာမှုပြုလုပ်တော့မယ်ဆိုရင် ဖြစ်တတ်တဲ့ စိတ်ရဲ့လိပ်ပြာမလုံမှုလေးတွေပါပဲ။
လူတစ်ယောက်စကားပြောရင် သူ့ရဲ့ကိုယ်ဟန်အမူအရာဟာလည်း အရေးပါ ပါတယ်။ ရိုးသားမှုရှိတဲ့ လူတစ်ယောက်ဟာ စကားပြောဟန်နဲ့ ကိုယ်နေဟန်ထားနဲ့က ကိုက်ညီနေပါတယ်။ လိမ်ညာတော့မယ်ဆိုရင် စိတ်မလုံမခြုံဖြစ်ပြီး လက်ပိုက်ပစ်လိုက်တာတို့၊ လက်ကို နောက်ပစ်ပြီး ဝှက်ထားလိုက်တာတို့ ပြုလုပ်တတ်ပါတယ်။ ပုံမှန်ကနေ ကင်းကွာတဲ့ ကိုယ်နေဟန်ထားကို ပြုလုပ်နေပြီဆိုရင် ဒီတစ်ယောက်လိမ်တော့မယ်ဆိုပြီး သိနိုင်ပါတယ်။
အပြုံးဟာ အလွန်အသုံးဝင်တဲ့အရာတစ်ခုပါ။ မိမိရဲ့ခံစားချက်အစစ်အမှန်တွေကို ဖုံးကွယ်ထားဖို့ အပြုံးလေးတစ်ပွင့် ပြုံးလိုက်ရုံနဲ့ လုံလောက်ပါတယ်။ လူတစ်ယောက် ပြံုံးတဲ့ပုံစံကိုကြည့်ပြီး သူ ညာနေလား ဆိုတာ အကဲခတ်လို့ရပါတယ်။ အပြုံးကို သေချာအကဲခတ်တတ်မယ်ဆိုရင် အကြောက်တရား၊ ဒေါသနဲ့ စက်ဆုပ်ရွံရှာမှု စတဲ့ စိတ်ခံစားချက်တွေကိုပါ ဖော်ထုတ်နိုင်ပါတယ်။ ရိုးသားတဲ့ အပြုံးအစစ်ဆိုတာ နှုတ်ခမ်းကလာတာမဟုတ်ပါဘူး။ မျက်လုံးကလာတာပါ။
လူတစ်ယောက် စကားပြောတဲ့လေသံအနိမ့်အမြင့်၊ အတက်အကျကိုကြည့်ပြီးလည်း သူလူလိမ်တစ်ယောက် ဟုတ်မဟုတ်ဆိုတာကို အကဲခတ်နိုင်ပါတယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ တစ်ခုခုကို ညာချင်တယ်ဆိုရင် လေသံကပြောင်းသွားပြီး ခင်ဗျားသတိမပြုစေချင်တဲ့နေရာနားရောက်ရင် လေသံကိုဖော့ပစ်ပါလိမ့်မယ်။ ဒါမှမဟုတ် စကားကို မြန်ပစ်ပါလိမ့်မယ်။ ဒီလိုနည်းနဲ့လည်း ညာနေမှန်း သိနိုင်ပါတယ်။
Source: Reader's Digest
Share