ကိုယ်ကြိုက်လို့ဝယ်လာတဲ့ အဝတ်အစားတစ်ထည် ရေလျှော်ရင်းကြုံ့သွားတာဟာ တော်တော်စိတ်ရှုပ်ဖို့ကောင်းပါတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေလည်း ရှာကြံမိကြမှာပါ။ တကယ်တော့ ရေလျှော်ရင်းကြုံ့သွားတဲ့ အထည်တွေကို မူလပုံစံအတိုင်း ပြန်ဖြစ်သွားစေနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အဝတ်တွေရဲ့အသားကိုလိုက်ပြီး ဖြေရှင်းနိုင်တဲ့ နည်းလမ်းလေးတွေကတော့...
ချည်ထည်နဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတစ်ထည်ကို မူလပုံစံအတိုင်း ပြန်ဖြစ်စေချင်ရင် ကလေးခေါင်းလျှော်ရည် (baby shampoo) (သို့) ပျော့ဆေး အပျော့စားတစ်မျိုးနဲ့ ပြန်လျှော်ပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကလေးခေါင်းလျှော်ရည် (baby shampoo) အနည်းငယ်၊ ကြက်သီးနွေးရုံလောက် ရေနွေးနည်းနည်း၊ တဘက်တစ်ထည်နဲ့ ဇလုံတစ်လုံးတို့ပဲ ဖြစ်ပါတယ်။
အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ရေကြုံ့သွားတဲ့အထည်ကို ထည့်လိုက်ပါ။ ပြီးရင် အဲဒီဇလုံကို ကြက်သီးနွေးရုံလောက် ရေနွေးတွေနဲ့ ဖြည့်လိုက်ပါ။ ကလေးခေါင်းလျှော်ရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာလောက်ကိုလည်း ဖြည့်လိုက်ပါ။ မိနစ် (၃၀) လောက် အဲဒီအတိုင်းထားပေးလိုက်ပါ။ ပြီးတာနဲ့ ရေစင်အောင်ညစ်ပြီး လှန်းထားပေးလိုက်ပါ။
အခြောက်လှန်းနေချိန်မှာ နေပူထဲမှာ ချိတ်နဲ့ထုတ်လှန်းထားတာမျိုးထက် ရေစင်အောက်ညှစ်ပြီး ပြင်ညီတစ်နေရာမှာ ဖြန့်လှန်းပေးတာမျိုး လုပ်ပေးပါ။ ပြီးရင် အဝတ်ရဲ့အနားစတွေကို အလေးချိန်စီးတဲ့အရာဝတ္ထုတစ်ခုနဲ့ ဖိထားပေးတာမျိုး လုပ်ပေးပါ။ ခြောက်သွားပြီဆိုရင်တော့ ခင်ဗျားရဲ့အထည်ဟာ အရင်လိုပြန်ဖြစ်သွားပါပြီ။
ပေါ်လီ အက်စတာ (Polyester) တို့၊ ပိုးတု (rayon) တို့လိုမျိုး လူလုပ်ချည်မျှင်တွေနဲ့ ရက်လုပ်ထားတဲ့ အဝတ်အစားတွေ ရေကြုံ့ကုန်ရင် ဖြေရှင်းရမယ့် နည်းလမ်းကလည်း ချည်ထည်တုံးကနဲ့ တူတူပါပဲ။ အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ခေါင်းလျှော်ရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာလောက်ကို ထည့်ပါ။ ပြီးရင် ကြက်သီးနွေးရုံလောက် ရေနွေးလေးနည်းနည်းရောလိုက်ပါ။
လူလုပ်ချည်မျှင်တွေကတော့ ချည်ထည်တွေလောက် အချိန်ယူဖို့တော့မလိုအပ်ပါဘူး။ (၁၅) မိနစ်၊ မိနစ် (၂၀) လောက်စိမ်ပေးရင် ရပါပြီ။ synthetic fibers စကိုတော့ အခြောက်ခံစရာမလိုပါဘူး။ စိုစွတ်နေချိန်မှာပဲ အထည်ရဲ့အနားစတွေကို လေးလံတဲ့အရာတွေနဲ့ ဖိထားပေးရင်ရပါပြီ။ ပြီးသွားရင်တော့ အထည်ဟာ အရင်ပုံစံအတိုင်း ပြန်ဖြစ်သွားမှာပါ။
ဂျင်းထည်တွေကတော့ ရှေ့ (၂) ခုနဲ့ လုံးဝမတူညီပါဘူး။ ဂျင်းထည်တွေက ပုံမှန်အားဖြင့်တော့ ရေမကြုံ့တတ်ပါဘူး။ ဒါပေမယ့် တခြားအထည်တွေ၊ တချို့ပစ္စည်းတွေနဲ့ ရောထားမိရင်တော့ ရေကြုံ့သွားတတ်ပါတယ်။ Denim Jeans အထည်တွေ ရေကြုံ့ခြင်းကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိပါတယ်။
အဲဒါကတော့ ရေချိုးကြွေဇလုံ (bath tub) တစ်လုံးထဲမှာ ကြက်သီးနွေးရုံလောက် ရေနွေးတွေဖြည့်ပြီး ရေကြုံ့သွားလို့ မတော်ချင်တော့တဲ့ ဂျင်းဘောင်းဘီကို ဝတ်လျက်သားနဲ့ပဲ (၁၅) မိနစ်လောက် ဝင်စိမ်ပေးလိုက်ပါ။ ပြီးရင် အဲဒီဂျင်းဘောင်းဘီ ဝတ်လျက်နဲ့ပဲ လျှောက်သွားတာ၊ ထိုင်လိုက် ထလိုက် လုပ်တာ တစ်နာရီလောက်လုပ်ပေးပါ။ ဒါဆိုရင် ရေကြုံ့နေတဲ့ ဂျင်းဘောင်းဘီ ပြန်ကျယ်လာနိုင်ပါတယ်။
Source: Reader's Digest
Share