ခွေးလေးတွေက ကျွန်တော်တို့ရဲ့အကောင်းဆုံးမိတ်ဆွေတွေပါပဲ။ ကျွန်တော်တို့ရဲ့အိမ်ကို လုံခြုံအောင်စောင့်ရှောက်ပေးတယ်။ ကျွန်တော်တို့ရဲ့ကလေးတွေကို စောင့်ကြည့်ကာကွယ်ပေးတယ်။ ကျွန်တော်တို့တွေ လောကဓံတရားတွေနဲ့ ဘယ်လိုပဲ ကြုံရပါစေ။ သူတို့လေးတွေကတော့ မပြောင်းလဲဘဲ ကျွန်တော်တို့နားမှာ အမြဲရှိနေမယ်။ သူတို့အပေါ်ကောင်းတဲ့လူတွေအပေါ် သစ္စာတရား အပြည့်ရှိကြတယ်။
အဲဒီလို ကျွန်တော်တို့အပေါ် အမြဲကောင်းတဲ့ ခွေးလေးတွေအကြောင်းကိုလည်း ကျွန်တော်တို့ဘက်က ပိုနားလည်ထားသင့်ပါတယ်။ အောက်မှာဖော်ပြထားတာကတော့ ခွေးလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ ကောင်းကောင်းမသိသေးတဲ့ အချက်လေးတွေပါပဲ။
လူတွေလိုပဲ။ ခွေးလေးတွေဟာလည်း အိမ်မက် မက်တတ်ပါတယ်။ သူတို့ရဲ့အိမ်မက်ထဲမှာ ဘာတွေမက်လဲဆိုတော့ ခွေးလေးတွေလုပ်တတ်တဲ့ အရာလေးတွေကိုပဲ အိမ်မက်မက်တတ်ပါသတဲ့။ အမြီးလေး နန့်ပြီး ပတ်ပြေးနေတာတို့၊ သခင်နဲ့အတူ ဆော့ကစားတာတို့ပေါ့။
လူသားနှာခေါင်းမှာ အနံ့ခံအမြှေးပါး (၅) သန်းကနေ (၆) သန်းထိရှိပြီး ခွေးတစ်ကောင်မှာတော့ သန်း (၂၂၀) ထိ ရှိပါတယ်။ ၂၀၀၉ ခုနှစ်တုံးက လေ့လာမှုတစ်ခုမှာဆိုရင် ခွေးလေးတွေကို လူနာတွေရဲ့အသက်ရှူမှုတွေကို အနံ့ခံပြီး ကင်ဆာရောဂါရှိမရှိ စစ်ဆေးခိုင်းရာမှာ အောင်မြင်မှုနှုန်းက (၉၀) ရာခိုင်နှုန်းဝန်းကျင်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ လူသားမျက်စိက အရောင်မျိုးစုံမြင်ရချိန်မှာ ခွေးလေးတွေကတော့ အဖြူနဲ့ အမဲပဲ မြင်ရပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့မျက်စိမှာ အရောင်တွေကို ခွဲခြားနိုင်တဲ့ စွမ်းရည် မပါဝင်လို့ပါပဲ။
ခွေးလေးတွေက အရောင်စုံ မမြင်နိုင်ပေမယ့် သူတို့ရဲ့မြင်လွှာထဲမှာ အလင်းရောင်ကိုထိတွေ့နိုင်တဲ့ ဆဲလ်တွေ ပိုမိုပါဝင်တဲ့အတွက် အမှောင်ထဲမှာ လူသားတွေထက် ပိုပြီး မြင်နိုင်ပါတယ်။ ဒါကြောင့်လည်း ညဘက်မှာ အိမ်လုံခြုံစေဖို့အတွက် ခွေးလေးတွေ မွေးကြတာဖြစ်ပါတယ်။
American Kennel Club ရဲ့အဆိုအရ အမေရိကန်နိုင်ငံမှာတော့ လာဘရေဒါခွေးလေးတွေဟာ (၂၆) နှစ်လုံးလုံး လူကြိုက်အများဆုံး ခွေးစာရင်းဝင်ခဲ့ပါတယ်တဲ့။ ဂျာမန်သိုးထိန်းခွေးနဲ့ ရွှေရောင်အမွှေးပွခွေး (golden retrievers) တို့က ဒုတိယနဲ့ တတိယနေရာမှာ အသီးသီးရပ်တည်နေပါတယ်တဲ့။
လူတွေမှာ တစ်ယောက်နဲ့တစ်ယောက် လက်ဗွေရာမတူညီကြသလို ခွေးတွေမှာလည်း တစ်ကောင်နဲ့ တစ်ကောင် နှာခေါင်းဗွေရာ မတူညီကြပါဘူး။ ၁၉၃၈ ခုနှစ်ကတည်းက ခွေးတွေရဲ့ နှာခေါင်းဗွေရာကို ကြည့်ပြီး ခွေးအမျိုးအစားခွဲခြားခဲ့ကြပါတယ်။
Source: Buzzfeed
Share