"ပြဿနာဆိုတာ တကယ်တမ်းတော့ ပြဿနာမဟုတ်ပါဘူး။ ပြဿနာကိုချဉ်းကပ်တဲ့ ချဉ်းကပ်ပုံကသာ ပြဿနာပါ" ဆိုတဲ့ ဆိုရိုးစကားတစ်ခွန်းလည်း ရှိပါတယ်။ တကယ်တော့ ပြဿနာတိုင်းကို မှန်မှန်ကန်ကန် ချဉ်းကပ်တတ်မယ်ဆိုရင် ဖြေရှင်းနည်းတွေက ရှိပါတယ်။ ပြဿနာတိုင်းကို စမတ်ကျကျဖြေရှင်းနည်းတွေကတော့...
ပြဿနာဆိုတာ တကယ့်ပြဿနာ မဟုတ်ပါဘူး။ တကယ့်ပြဿနာအစစ်က ခင်ဗျားရဲ့ အဲ့ဒီ့ပြဿနာအပေါ်ထားရှိတဲ့ အမြင်ပဲဖြစ်ပါတယ်။ ပြဿနာတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ခင်ဗျားရဲ့ အမြင်လေးတစ်ခုပြောင်းလဲလိုက်တာနဲ့ ပြေလည်သွားမှာပါ။
လူတွေကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လောက်ဟာ ကိုယ့်အထင်အမြင် ကိုယ့်ခံစားချက်တွေနဲ့ မလိုအပ်ပဲ ပူပင်သောကဖြစ်နေတာတွေပါ။ ဒါကြောင့် ပြဿနာတစ်ခုကို ပြေလည်ဖြေရှင်းဖို့အတွက် အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းက ခင်ဗျားရဲ့ အမြင်ကိုပြောင်းလဲကြည့်ပါ။
အများစုသော ပြဿနာတွေဟာ အမြင်လေးတစ်ခုပြောင်းလဲလိုက်ရုံနဲ့ အပန်းတကြီးဖြေရှင်းစရာမလိုပဲ ပြေလည်သွားနိုင်ပေမယ့် အချို့သောပြဿနာတွေကတော့ ဖြေရှင်းလိုက်ဖို့လိုအပ်ပါတယ်။ ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာတွေကိုလည်း လူညံ့တွေက အခက်အခဲလို့ မြင်ပြီး၊ သာမန်လူတွေက စိန်ခေါ်မှုတွေလို့မြင်ပါတယ်။
လူတော်တွေကတော့ အခွင့်အလမ်းတွေလို့မြင်ပါတယ်။ အဓိကကတော့ ပြဿနာတွေဖြေရှင်းရာမှာ ဖြေရှင်းဖို့မလိုတဲ့ပြဿနာ နဲ့ ဖြေရှင်းဖို့လိုတဲ့ပြဿနာကို မှန်ကန်စွာခွဲခြမ်းစိတ်ဖြာနိုင်ပြီး ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာများကို ရဲရဲရင်ဆိုင်ဖြေရှင်းနိုင်ဖို့ပါပဲ။
တချို့သောပြဿနာတွေက ပြန်လည်ပြင်ဆင်လို့မရဘဲ အဖြစ်မှန်ကို လက်ကိုလက်ခံ လိုက်ရမှာတွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် မိမိချစ်ခင်သူတစ်ယောက် သေဆုံးခြင်း၊ လင်မယားကွဲရှင်းပြတ်စဲခြင်းတို့ပေါ့။ အဲဒီလိုပြဿနာမျိုးတွေမှာ အဖြစ်မှန်ကို လက်ခံလိုက်ပြီး အဲဒီအခြေအနေတစ်ခုကနေ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကို ဆက်လျှောက်တာဟာ အကောင်းဆုံးပါပဲ။
လူတချို့က မိမိအပေါ်မှာပဲ ပြဿနာမျိုးစုံ စုပြုံကျရောက်နေတယ်လို့ ထင်မြင်ယူဆနေကြပါတယ်။ အဲဒီလိုခံစားနေရချိန်မှာ မိမိကြုံတွေ့နေရတဲ့ ပြဿနာတွေကို စာအုပ်တစ်အုပ်ထဲမှာ အကုန်ချရေးကြည့်လိုက်ပါ။ အဲဒီလိုချရေးကြည့်လိုက်မှ မိမိကြုံတွေ့နေရတဲ့ ပြဿနာတွေဆိုတာ ထင်သလောက် များပြားခြင်းမရှိတာကို တွေ့ရှိရပါလိမ့်မယ်။
တချို့ပြဿနာတွေဟာ ဖြေရှင်းဖို့မလိုအပ်တာ၊ တချို့သောပြဿနာတွေဟာ လက်ခံလိုက်ရမှာ နဲ့ ဖြေရှင်းဖို့လိုအပ်တဲ့ ပြဿနာတချို့ကိုလည်း ရှင်းရှင်းလင်းလင်း မြင်လာပါလိမ့်မယ်။
ဖြေရှင်းရမယ့်ပြဿနာတွေကိုချရေးပြီးတာနဲ့ ထိုပြဿနာကိုဖြေရှင်းလို့ရမယ့် နည်းလမ်းလေး၊ငါးခုကိုလည်း စာရွက်ပေါ်မှာ ချရေးကြည့်ပါ။ ချရေးထားတဲ့ ဖြေရှင်းနည်းများကို တစ်ခုချင်းအကျိုးအပြစ် ဝေဖန်ခွဲခြားပြီး အလုပ်သင့်ဆုံးဖြေရှင်းနည်းကို အချိန်မဆိုင်းပဲ ချက်ချင်းလုပ်ဆောင်ပါ။
Share