လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို စကားပြောကြည့်ရင်းနဲ့ သိနိုင်တာတွေရှိသလို ကိုယ်နေဟန်ထားကိုကြည့်ပြီးလည်း အများကြီးသိနိုင်ပါတယ်။ လူတွေရဲ့စိတ်နေစိတ်ထားကို လေ့လာတဲ့ စိတ်ပညာရှင်တွေဟာ လူတွေရဲ့ ကိုယ်နေဟန်ထားနဲ့ ထိုင်တဲ့ ပုံစံတွေကို လေ့လာပြီး ကောက်ချက်လေးတွေချခဲ့ပါတယ်။
တင်ပလ္လင်ခွေထိုင်တတ်သူတွေကတော့ လွတ်လပ်တဲ့စိတ်နေစိတ်ထားရှိသူ၊ သွက်လက်ဖျတ်လတ်သူ၊ ပေါ့ပေါးပါးပါးနေတတ်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာ ဘာကိုမှ အရမ်းကြီး serious မထားတတ်ဘဲ အရာရာကို ပေါ့ပေါ့ပါးပါး လက်ခံနိုင်သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ဟာ ကြမ်းပြင်ပေါ်မှာပဲဖြစ်ဖြစ်၊ ဆိုဖာပေါ်မှာပဲဖြစ်ဖြစ် တင်ပလ္လင်ခွေ ထိုင်တတ်ကြပါတယ်။
ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်တတ်သူတွေကတော့ နေရာတိုင်းမှာ ခေါင်းမာတတ်သူ၊ ကိုင်တွယ်ရခက်ခဲသူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ပေါင်းသင်းရတာ ခေါင်းရှုပ်ဖို့ကောင်းလွန်းလို့ ဘယ်သူမှ ဆက်ဆံချင်ကြမှာ မဟုတ်ပါဘူး။
ဓာတ်ပုံရိုက်ရင် ပို့စ်ပေးတဲ့ စတိုင်လ်အတိုင်းပါပဲ။ ဒူးတစ်ဖက်ကို ထောင်ထားပြီး ကျန်တဲ့ခြေထောက်တစ်ဖက်ကို ခြေဆင်းထိုင်တတ်သူမျိုးမှာ မိမိရဲ့ခန္ဓာကိုယ် အလှအပတစ်ခုလုံးကို ဖော်ပြနေတတ်သူမျိုး ဖြစ်ပါတယ်။ သူတို့ဟာ ဘဝမှာ ပေါ့ပေါ့ပါးပါးနေတတ်လွန်းတော့ ပေါ့ပျက်ပျက်နိုင်လွန်းတယ်လို့ အထင်ခံရသူတွေလည်း ဖြစ်ပါတယ်။
ထိုင်ခုံပေါ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မတ်မတ်ထားပြီး ခြေချိတ်ထိုင်တတ်သူတွေတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိပြီး ဘဝမှာ ဖုံးကွယ်ထားစရာလည်း မရှိသလောက် နည်းပါးပါတယ်။
ခန္ဓာကိုယ်အပေါ်ပိုင်းကော၊ ခန္ဓာကိုယ်အောက်ပိုင်းပါ မားမားမတ်မတ်ပုံစံမျိုးနဲ့ ထိုင်ခုံမှာထိုင်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်မှာတင်ထားတတ်သူမျိုးမှာတော့ မိမိကိုယ်ကိုယ်အပြည့်အဝ ယုံကြည်မှုရှိခြင်းနဲ့ တစ်ပါးသူတွေရဲ့ယုံကြည်မှုကိုပါ အပြည့်အဝရရှိနိုင်ခြင်းဆိုတဲ့ ဂုဏ်ဒြပ်တွေနဲ့ ပြည့်စုံနေပုံပေါ်ပါတယ်။
ခါးကို မတ်မတ်ထိုင်ပြီး လက်နှစ်ဖက်ကို စားပွဲခုံပေါ်မှာတင်ပြီး ယှက်ထားတတ်သူတွေကတော့ စိတ်မလုံခြုံသူတွေကိုဖြစ်ပြီး မိမိတို့ရဲ့အမှား (သို့) လိမ်ညာမှုတွေကို လူမသိစေချင်လို့ လက်တွေကို ယှက်သွယ်ထားတာလို့ ဆိုကြပါတယ်။
ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်နေရင်း လက်ပိုက်ထားတတ်သူတွေကတော့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်သူတွေဖြစ်ပြီး စဆရကတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ မိမိကိုယ်ကိုယ် အလွန်အကျွံ အထင်ကြီးမှုကို လက်ပိုက်ထားရင်း ဖော်ပြတတ်ပါတယ်။
Source: youngisthan
Share