သူငယ်ချင်းတွေနဲ့ TGIF တွေ၊ TGIS တွေ လုပ်ဖို့ ဘားကိုလိုက်သွားတယ်ဆိုပါစို့။ ဘားရောက်တော့မှ အမျိုးအစားစုံလင်လှတဲ့ ဝီစကီတွေ၊ ကော့တေးလ်တွေကို မြင်ပြီး ဘာမှာလို့ မှာရမှန်းမသိတဲ့ အခိုက်အတန့် ဖြစ်ဖူးကြလား။ ကျွန်တော်တော့ ဖြစ်ဖူးပါတယ်။
တကယ်တော့ ဝီစကီတစ်ခွက်ဆိုတာ မူးရင်ပြီးရော သောက်ရတာမျိုးမဟုတ်ဘဲ အခြေအနေ၊ အချိန်အခါအလိုက် အရသာခံ၊ ဇိမ်ခံသောက်ရတဲ့ အဖျော်ယမကာတစ်မျိုးပါ။ ဝီစကီကို အမျိုးအစားခွဲခြားနိုင်ဖို့ မတူညီတဲ့ ဝီစကီမျိုးကွဲတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
Bourbon ဝီစကီ အမျိုးအစားကတော့ အမေရိကန်ပြည်ထောင်စုမှာပြုလုပ်တာဖြစ်ပါတယ်။ သူ့ကို ပြောင်းဖူး (၅၁) ရာခိုင်နှုန်းနဲ့ ပြုလုပ်ထားပြီး အမေရိကန်အဖြူရောင်ဝက်သစ်ချစည်တွေထဲမှာ သိမ်းဆည်းသိုလှောင်ထားပါတယ်။ သူ့ရဲ့အရသာကတော့ ဗနီလာနဲ့ သစ်သားဆန်တဲ့ အရသာပဲဖြစ်ပါတယ်။ အမေရိကန်ဝီစကီစစ်စစ်ကိုမှ သောက်လိုသူတွေအတွက် အထူးသင့်လျော်ပါတယ်။
အမေရိကန် Bourbon ဝီစကီထဲမှာ နာမည်ကျော်ကြားတဲ့ brand တွေကတော့ Marker's Mark, Jim Bean, Wild Turkey နဲ့ Woodford Reserve တို့ပဲ ဖြစ်ကြပါတယ်။ Bourbon ဝီစကီနဲ့ ပြုလုပ်လု့ိရတဲ့ ထင်ရှားတဲ့ ကော့တေးလ်တွေကတော့ Old-fashioned နဲ့ whiskey sour တို့ပဲ ဖြစ်ကြပါတယ်။
စကော့တလန်ပြည်က ထုတ်လုပ်တဲ့ ကမ္ဘာကျော် Scotch ဝီစကီကိုတော့ မုယောစပါးနဲ့ အဓိကပြုလုပ်ထားပြီး ဝက်သစ်ချစည်ထဲမှာ ပေါင်းခံသိမ်းဆည်းထားပါတယ်။ သူ့ရဲ့အရသာကတော့ သစ်သီးအရသာခပ်ဖျော့ဖျော့ထဲမှာ မီးခိုးငွေ့ဆန်ဆန်အရသာလေး စွက်နေသလိုပါပဲ။
စကော့ချ်ဝီစကီကို နှစ်သက်သူတွေကတော့ On the Rock (အရက်နဲ့ ရေခဲတုံးလေးပဲ ရောသောက်ခြင်း) သောက်ကြတာများပါတယ်။ နာမည်ကျော် စကော့ချ်ဝီစကီ brand တွေကတော့ Macallan နဲ့ Johnnie Walker တို့ပဲ ဖြစ်ကြပါတယ်။ စကော့ချ်ဝီစကီနဲ့ ပြုလုပ်ထားတဲ့ ကော့တေးလ်တွေကတော့ Rob Roy နဲ့ Blood & Sand တို့ပဲဖြစ်ကြပါတယ်။
အိုင်ယာလန်ပြည်ရဲ့နာမည်ကျော် Irish ဝီစကီကိုတော့ အိုင်ယာလန်ပြည်မှာပဲ (၃) ကြိမ်တိုင်တိုင် ပေါင်းခံထားပါတယ်။ Irish ဝီစကီတွေရဲ့အရသာကတော့ ပျားရည်အရသာလေးနှောပြီး ချိုမြမြအရသာ ဆန်ပါတယ်။ အပြင်းစားစကော့ချ်ဝီစကီကြီးတွေကိုလည်း မသောက်နိုင်ပေမယ့် ဝီစကီအရသာကို ခံစားလိုတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။
နာမည်ကျော် Irish ဝီစကီ brand တွေကတော့ Jameson, Michael Collins နဲ့ Tullamore Dew တို့ပဲ ဖြစ်ကြပါတယ်။ နာမည်ကျော် ကော့တေးလ်တွေကတော့ Irish Coffee နဲ့ Irish Car Bomb တို့ပဲ ဖြစ်ကြပါတယ်။
ဆန်အရက် ဆာကေးနဲ့ နာမည်ကြီးတဲ့ ဂျပန်ကလည်း ဝီစကီလောကမှာ နောက်ချန်မနေခဲ့ပါဘူး။ ပျားရည်ရဲ့ချိုမြတဲ့အရသာနဲ့ ဝီစကီဖောက်ထားပြီး ဝက်သစ်ချစည်ထဲမှာ စိမ်ထားပါတယ်။ သူ့ရဲ့အရသာကတော့ သိမ်မွေ့ရှုပ်ထွေးပါတယ်။ စကော့ချ်ဝီစကီကို နှစ်သက်သူဆိုရင် ဂျပန်ဝီစကီကိုလည်း နှစ်သက်မိမှာပါ။
နာမည်ကျော် ဂျပန်ဝီစကီ brand တွေကတော့ Suntory Whiskey Toki ၊ Yamazaki နဲ့ Nikka တို့ပဲ ဖြစ်ပါတယ်။ ဂျပန်ဝီစကီနဲ့ ပြုလုပ်ထားတဲ့ ကော့တေးလ်တွေကတော့ maneki-tini နဲ့ Hakushu & Soda တို့ပဲ ဖြစ်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာထုတ်လုပ်ပြီး ရိုင်းဂျုံ (rye) နဲ့ အဓိကပြုလုပ်ထားတဲ့အတွက် Rye ဝီစကီလို့ ခေါ်ကြပါတယ်။ အရသာကတော့ ခါးသက်သက်အရသာလေးကြားမှာ ခပ်စပ်စပ်အရသာလေး စွက်နေသလိုပါပဲ။ Classic စတိုင်လ် ကော့တေးလ်တွေကို နှစ်သက်သူတွေအတွက် အထူးသင့်တော်ပါတယ်။
နာမည်ကျော် brand တွေကတော့ Bulleit Rye, WhistlePig Straight Rye နဲ့ Knob Creek Rye တို့ပဲ ဖြစ်ကြပါတယ်။ Rye ဝီစကီနဲ့ ပြုလုပ်နိုင်တဲ့ ကော့တေးလ်တွေကတော့ Sazerac, Manhattan နဲ့ Vieux Carre တို့ပဲ ဖြစ်ကြပါတယ်။
အမေရိကန်ကောင်းဘွိုင် ဇာတ်လမ်းတွေကို နှစ်သက်သူတွေဆိုရင်တော့ Tennessee ပြည်နယ်ကိုကော၊ Tennessee ဝီစကီကိုပါ သိကြမှာပါ။ Tennessee ပြည်နယ်မှာပဲ ပေါင်းခံထားပြီး မီးသွေးကိုဖြတ်ပြီး စစ်ထုတ်ယူထားတဲ့ ဝီစကီဖြစ်ပါတယ်။ ဒါကြောင့် အရသာက မီးသွေးနံ့လေးနဲ့ ငြိမ့်ညောင်းတဲ့အရသာရှိပါတယ်။ ဝီစကီကို ကိုလာနဲ့ရောသောက်တတ်တဲ့ သူငယ်ချင်းတွေကတော့ Tennessee ဝီစကီကို မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ်။
နာမည်ကျော် Tennessee ဝီစကီတွေကတော့ George Dickel, Jack Daniel's နဲ့ Prichard's တို့ပဲ ဖြစ်ကြပါတယ်။ Lynchburg Lemonade, Four Horsemen နဲ့ Whiskey & Coke တို့ပဲ Tennessee ဝီစကီနဲ့ပြုလုပ်တဲ့ နာမည်ကျော်ကော့တေးလ်တွေပဲ ဖြစ်ကြပါတယ်။
Source: DailyInfoGraphics
Share