သူတို့ကိုကြည့်လိုက်တိုင်း အမြဲတမ်း အဆင်ပြေနေတာပဲ။ ရန်ဖြစ်စကားများတာတွေလည်း မတွေ့ရဘူး။ ရန်ဖြစ်ရင်လည်း ဘေးလူတွေမသိလိုက်ဘဲ အချင်းချင်းဖြေရှင်းရင်း ပြေလည်သွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အချစ်မပြယ်ဘဲ ချစ်ခင်သွားကြတယ်။ အဲ့လိုမျိုး တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ကြတဲ့ စုံတွဲတွေကို ကြည့်လိုက်တိုင်း ဒီ ၅ ချက်ကို နေ့တိုင်း ကျင့်သုံးပြုမူနေကြတာ တွေ့ရတယ်။
၁။ အမှန်အတိုင်းပြောတယ်
တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်မထားသင့်တဲ့ကိစ္စတွေမှာ လျှို့ဝှက်မထားဘူး။ ပွင့်လင်းမြင်သာမှုသာ မရှိဘူးဆိုရင် အချစ်ရေးက မြဲဖို့မလွယ်ဘူးလေ။ လိမ်ညာဖုံးကွယ်ထားတာတွေမရှိဘူး၊ မညာဘူး။ ဒီတော့ ယုံကြည်မှု ရှိကြတယ်လေ။
၂။ အချိန်ပေးတယ်
အလုပ်၊ ဖေ့စ်ဘုတ်၊ ဂိမ်း၊ ဘော်ဒါအပေါင်းအသင်းတွေကို ခဏမေ့ထားပြီး ချစ်သူအတွက် သီးသန့်အချိန်လေး ပေးပါတယ်။ အဝေးရောက်နေတဲ့ ချစ်သူတွေဆိုလည်း နေ့စဉ် ဖုန်းပြော၊ ဗီဒီယိုကနေ စကားပြောတာတွေ လုပ်ကြတယ်။ ချစ်သူကို လစ်လျူမရှုကြသူတွေပေါ့။
၃။ ခဏလောက်ဝေးနေရတာ သည်းခံနိုင်တယ်
ဘယ်လောက်ချစ်ချစ် တကောက်ကောက်လိုက်နေ၊ တွယ်ကပ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူ့ရဲ့ ကိုယ်ပိုင်အချိန်၊ အလုပ်ချိန်တွေကို နားလည်ပေးနိုင်တယ်။ အတူနီးဖို့ အလုပ်တွေလုပ်နေကြရချိန်မှာ ချစ်တဲ့စိတ်လေးကို ရင်ထဲမှာထားပြီး လွမ်းနေ၊ သတိရနေကြတယ်။ မခွဲနိုင်လို့ပါဆိုပြီးတော့ နှစ်ယောက်အတူ ဆင်းရဲမယ့်ဘဝကိုလည်း မရွေးကြဘူးလေ။ ပန်းတိုင်ကိုယ်စီလျှောက်နေကြရင်း အပြန်အလှန်ဖေးမကြတာကိုက အချစ်စစ်ပါ။
၄။ ကြင်နာမှု
ကိုယ့်ချစ်သူက ကိုယ်ကမှ ဂရုမစိုက်ရင် ဘယ်သူက ဂရုစိုက်ပေးမတုန်း။ ချစ်သူကို ဂရုစိုက်ပါ၊ ကြင်နာပါ၊ ဖေးမကူညီပေးပါ။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စောင့်ရှောက်ပေးတာကိုက အချစ်စစ်နဲ့ချစ်တဲ့ စုံတွဲတွေရဲ့ အဓိကလက္ခဏာတစ်ခုပါပဲ။
၅။ နားလည်သဘောပေါက်တယ်
ကိုယ်သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာကို သူပဲသိရှိခံစားပါစေ။ ဘေးလူတွေ သိတာ၊ မသိတာထက် သူ သိရှိခံစား နားလည်ဖို့က အရေးကြီးဆုံးပါ။ ကိုယ်သူ့ကိုချစ်ကြောင်း ကိုယ်တိုင်လည်းသိတယ်၊ ကိုယ့်အချစ်ကိုလည်း သူ့ဘက်က ခံစားရတယ်။ ချစ်သူကို ချစ်ခင်ကြောင်း ပြသဖို့ကို ဝန်မလေးပါနဲ့။ တကယ်သာချစ်ရင် ဘာမှဝန်လေးမနေဘူးနော်။