ယောဂ (yoga) ကျင့်ခြင်းဟာ ခန္ဓာကိုယ်အတွက်ရော စိတ်ကိုပါ ကျန်းမာစေပါတယ်။ ကောင်းကျိုးလည်း များပါတယ်။ နှလုံးကြွက်သားတွေ ကြံ့ခိုင်စေတယ်၊ ခန္ဓာကိုယ်ပျော့ပျောင်းပြီး ကွေးညွှတ်ရလွယ်လာမယ်၊ စိတ်ဖိစီးမှုနဲ့ ပူပန်သောကတွေ လျော့နည်းလာမယ်။ ဒါပေမဲ့ ယောဂသင်တန်းကို သွားကာမှ ဒဏ်ရာရလာတယ်ဆိုတာမျိုးတော့ အဖြစ်မခံလိုက်ပါနဲ့။
၁။ စုံစမ်းပါ
အရင်ဆုံး ကိုယ်တက်မယ့် ယောဂသင်တန်းအကြောင်းကို စုံစမ်းပါ။ အချိန်၊ ငွေကြေး၊ သင်ပေးမယ့် လေ့ကျင့်ခန်း/ ကျင့်စဉ်တွေတင် မကပါဘူး။ သင်တန်းနည်းပြအကြောင်းကိုလည်း စုံစမ်းပါ။ နည်းပြကောင်းနဲ့တွေ့မှသာ ကိုယ့်အတွက် ကောင်းကျိုးဖြစ်မှာပါ။
၂။ ကိုယ့်ခန္ဓာကိုယ်ကိုထည့်တွက်
ခန္ဓာကိုယ်မှာ ဘယ်နေရာက အားနည်းလဲ၊ ဘယ်နေရာက အပင်ပန်းမခံနိုင်ဘူးလဲဆိုတာ ကိုယ်တိုင်အသိဆုံးပဲမဟုတ်လား။ ခြေထောက်နာနေလျက်နဲ့ အကြာကြီး မတ်တပ်ရပ်တာမျိုး မလုပ်သင့်ဘူး။
၃။ သက်တောင့်သက်သာ
ယောဂကျင့်တယ်ဆိုတာ စိတ်ရောလူပါ တည်ငြိမ်နေအောင် လုပ်ထားရတာ။ ဒါကြောင့်မို့လို့ ကိုယ်လေ့ကျင့်တဲ့နေရာလေးက သက်တောင့်သက်သာ ဖြစ်နေပါစေနော်။
၄။ ခန္ဓာကိုယ်ရဲ့အချက်ပြမှု
အရမ်းအတင်းအကျပ်ကြီးမလုပ်ပါနဲ့။ နာကျင်မှုကို ခံစားရပြီဆိုရင် သင်တန်းနည်းပြကို ပြောပြပါ။ မလုပ်နိုင်တာကို ဆက်လုပ်နေရင် ဒဏ်ဖြစ်သွားနိုင်တယ်။ နားပြီး နောက်ရက်မှ ပြန်လုပ်လည်း ရတာပဲ။
၅။ သူများနဲ့ယှဉ်ဖို့မလိုဘူး
သင်တန်းဆိုတည်းက သူများနဲ့တန်းတူ လိုက်လုပ်ရပြီ။ ဒါပေမဲ့ စောနက ပြောခဲ့သလို ကိုယ့်ရဲ့ခန္ဓာကိုယ်က မလိုက်နိုင်သေးဘူးဖြစ်နေတယ်ဆိုရင် စိတ်အေးအေးထားပါ။ လုပ်နိုင်သလောက် တစ်ဆင့်ချင်းဆီ သွားလို့ရပါတယ်။
Source : Prevention