သင်ဟာ မနက်ပိုင်းရေချိုးတတ်သူလား။ ညပိုင်းရေချိုးတတ်သူလား။ ဒီသေးငယ်တဲ့ lifestyle ရွေးချယ်မှုလေးက သင့်ကျန်းမာရေးကို ကြီးမားတဲ့အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိစေတယ်လို့ ပြောရင်ကော ယုံမှာလား။ တကယ်တမ်းကျတော့ ညအချိန်ရေချိုးခြင်းက ကျန်းမာရေးအတွက်၊ အလှအပအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။
တစ်နေကုန် အညစ်အကြေးတွေ၊ ဖုန်တွေနဲ့ စေးကပ်နေတဲ့ ခန္ဓာကိုယ်ကို၊ တစ်နေကုန် client တွေ၊ customer တွေနဲ့ ထိတွေ့ဆက်ဆံထားရလို့ ညစ်ညူးနေတဲ့ စိတ်ကို ပြန်လည်လန်းဆန်းသွားစေဖို့ ဝိုင်အရက်တစ်ခွက် မလိုအပ်သလို၊ ဘားသွားထိုင်ဖို့လည်း မလိုပါဘူး။
ရေနွေးနွေးလေးထည့်ထားတဲ့ ရေချိုးကန် (bath tub) ထဲ ခဏလောက်ဝင်စိမ်နေရုံနဲ့ လုံလောက်ပါတယ်။ ဒါမှမဟုတ် ရေပန်းအောက်မှာ ရေဝင်ချိုးရုံနဲ့ လုံလောက်ပါတယ်။ ဒါ့အပြင် ညဘက်ရေချိုးခြင်းက အိပ်စက်နိုင်စွမ်းကိုလည်း ပိုမိုတိုးတက် ကောင်းမွန်စေပါတယ်။
တစ်နေကုန် ချွေးတွေသံတွေနဲ့၊ အဆီပြန်နေတဲ့ မျက်နှာနဲ့ ရေမိုးမချိုးဘဲ အိပ်ယာထဲပစ်ဝင်သွားမယ်ဆိုရင် အဆီတွေ၊ အညစ်အကြေးတွေက မျက်နှာပေါ်က ချွေးပေါက်လေးတွေမှာ သွားပိတ်ပြီး ဝက်ခြံနဲ့ ဆားဝက်ခြံတွေ ပေါက်လာစေနိုင်ပါတယ်။ အလုပ်ကနေ အိမ်ပြန်ရောက်ပြီး ညအချိန်မှာ ရေချိုးပေးမယ်ဆိုရင် တစ်နေ့တာလုံး ခန္ဓာကိုယ်ပေါ်မှာ တင်ကျန်နေမယ့် အဆီတွေ၊ ချွေးတွေ၊ အညစ်အကြေးတွေကို ရှင်းလင်းပေးနိုင်ပြီး ဝက်ခြံပေါက်နိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
တကယ်လို့ ရာသီဥတုအပြောင်းအလဲကြောင့်၊ အစားအသောက်အနေအထိုင်ကြောင့် ယားယံတတ်တာ၊ အလာ့ဂျစ်ထတတ်တာမျိုး ရှိမယ်ဆိုရင် (ဥပမာ... ပန်းဝတ်မှုန်ကြောင့် အလာ့ဂျစ်ထတာမျိုး) အပြင်ထွက်အလုပ်လုပ်ရင်း ကားစီးရတဲ့အခါ အရေပြားနဲ့ အဝတ်အစားပေါ်မှာ ပြင်ပနဲ့ ထိတွေ့ရင်းရလာတဲ့ အရာဝတ္ထုတွေက တင်ကျန်ရစ်မှာပါပဲ။
အဲဒီအရာဝတ္ထုတွေထဲမှာ မိမိနဲ့ဓာတ်မတည့်တာမျိုးတွေ ပါနေနိုင်ပါတယ်။ အလုပ်ကနေ အိမ်ပြန်ရောက်လို့ ရေပြန်ချိုးပေးလိုက်မယ်ဆိုရင် တစ်နေ့တာလုံး အဝတ်အစားနဲ့ ခန္ဓာကိုယ်အရေပြားပေါ်မှာ တင်ကျန်ရစ်တဲ့ အရာဝတ္ထုတွေကို ရှင်းပြီးသားဖြစ်လို့ အလာ့ဂျစ်ဝေဒနာတွေကို လျှော့ချပေးနိုင်ပါတယ်။
သိပ္ပံပညာအရတော့ ရေနွေးနွေးလေးနဲ့ ရေချိုးလိုက်ရခြင်းဟာ ညောင်းညာကိုက်ခဲမှုနဲ့ အကြောထုံကျင်လေးလံမှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်တဲ့။ တွေးကြည့်ပါ။ ရေချိုးကန်လေးထဲမှာ ရေနွေးနွေးလေးထည့်ပြီး တစ်နေ့တာလုံးပင်ပန်းလို့ ညောင်းကိုက်နေတဲ့ ခန္ဓာကိုယ်နဲ့ ဝင်စိမ်ရတဲ့ အရသာ။ စိတ်ဖိစီးတင်းကျပ်နေမှုတွေ၊ ခန္ဓာကိုယ် ညောင်းညာပင်ပန်းနေမှုတွေ လျော့ပါးလွင့်ပျယ်သွားမှာ အသေအချာပါ။
ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြီးထွားမှုကိုအားပေးတဲ့ ဟော်မုန်းတွေဟာ အရေပြားကျန်းမာမှုနဲ့လည်း ဆက်နွယ်နေပါတယ်။ ညအချိန်မှာ အဲဒီဟော်မုန်းတွေက ပိုမိုထကြွတဲ့အတွက် ရေချိုးပေးလိုက်မယ်ဆိုရင် အရေပြားမျက်နှာပြင်ပေါ်က လှုံ့ဆော်မှုဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးပြီး ဟော်မုန်းတွေကိုလည်း ပုံမှန်အတိုင်းဖြစ်အောင် ထိန်းညှိပေးပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ညအချိန် ရေချိုးခြင်းက အရေပြားကျန်းမာစေတဲ့ ဟော်မုန်းတွေကို ကိုယ့်အလုပ်ကိုယ်လုပ်နိုင်အောင် လှုံ့ဆော်အားပေးနိုင်ပါတယ်။
ပြင်ပလေထုနဲ့ ထိတွေ့တဲ့လူတွေဟာ ဆံပင်ပေါ်မှာ ဘက်တီးရီးယားပိုးမွှားတွေ ကပ်တွယ်နေနိုင်ပါတယ်။ ရေမချိုး၊ ခေါင်းမလျှော်ဘဲ အိပ်ယာဝင်သွားမယ်ဆိုရင် အိပ်ယာပေါ်မှာ၊ ခေါင်းအုံးပေါ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားပိုးမွှားတွေ ကပ်တွယ်နေနိုင်ပါတယ်။ အဲဒီပိုးမွှားတွေက ခန္ဓာကိုယ်ပေါ်မှာ ပြန်တွယ်ကပ်လာနိုင်ပြီး လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးလာနိုင်ပါတယ်။
ညအချိန်မှာ ခေါင်းလျှော်ခြင်းက ဆံသားကျန်းမာရေးအတွက်လည်း ပိုမိုကောင်းမွန်စေပါတယ်။ ဘာလို့လဲဆိုတော့ ညအိပ်ချိန်မှာ ဆံပင်ကို သဘာဝလေနဲ့ ပြန်လည်ခြောက်သွေ့စေခြင်းက ဆံသားကျန်းမာရေးအတွက် ပိုမိုကောင်းမွန်လို့ပါပဲ။ ဦးရေပြားအစိုဓာတ်ကို ထိန်းထားနိုင်သလို ပိုမိုပျော့ပြောင်းကျန်းမာတဲ့ ဆံသားလေးကို ရရှိပိုင်ဆိုင်နိုင်စေမှာပါ။
Source: Bustle
Share