အနည်းဆုံး တစ်နှစ်လောက် တွဲလာပြီဆိုရင် ကိုယ့်ရည်းစားရဲ့ အပြုအမူတွေကို ရိပ်စားမိနေလောက်ပါပြီ။ တစ်ခါတလေ ကိုယ့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံရင်၊ စကား ကတောက်ကဆဖြစ်ရင် စိတ်ဖိစီးမှုများနေလို့လား။ ဒါမှမဟုတ် တခြားတစ်ခုခု ရှိနေလို့လား ဆိုတာကိုလည်း သိနေလောက်ပါပြီ။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်တော့တာ၊ ဒိတ်မလုပ်ဖြစ်တော့တာ တွေကလည်း ရုတ်တရက်ဖြစ်လာမယ်ဆိုရင်တော့ နှစ်ယောက်ကြားမှာ တစ်ခုခုမှားနေပြီဆိုတာကိုတော့ သိသင့်ပါတယ်။
သူမကတော့ အလုပ်များတာကို အကြောင်းပြချင်ပြမယ်။ အိမ်ကလူတွေကြောင့် စိတ်ညစ်နေရတာကို အကြောင်းပြချင်ပြမယ်။ ဒါတွေက တကယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် တကယ်လို့ သူမပေးတဲ့အကြောင်းပြချက်တွေက တကယ် ဟုတ်မနေခဲ့ရင်ကော။ ယောကျ်ားလေးတော်တော်များများ သူတို့ရဲ့ချစ်သူတွေကို ဆုံးရှုံးရတဲ့ အကြောင်းရင်းက မိန်းကလေးတွေ ထုတ်ဖော်မပြောပြတတ်တဲ့ အသေးအဖွဲကိစ္စလေးတွေကို သတိမမူ ဂူမမြင်ရာကနေ အကြီးကြီးတွေ ဖြစ်ကုန်တော့တာပါပဲ။
ဒီလိုအဖြစ်မျိုးတွေ မဖြစ်ရလေအောင် မိန်းကလေးတွေ သင့်ကို လျှို့ဝှက်ချက်တစ်ခုခု ထားရှိနေရင် ဖြစ်တတ်တဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့ရဲ့လျှို့ဝှက်ချက်တွေက နောက်ကွယ်မှာ ဖောက်ပြန်တာတစ်ခုတည်း မဖြစ်နိုင်ပါဘူး။ သင့်ကို ပြောပြလို့မရတဲ့ အခက်အခဲတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ထုတ်မပြောရဲလို့ တစ်ယောက်တည်း ကြိတ်ရှင်းနေရင်း မရှူနိုင် မကယ်နိုင်ဖြစ်ပြီး ဝေးသွားကြရတဲ့ အဖြစ်အပျက်တွေ မဖြစ်ရလေအောင် ကိုယ့်ရည်းစားကောင်မလေး လျှို့ဝှက်ချက်တွေ ထားနေရင် သိထားဖို့ လိုအပ်ပါတယ်။
ကိုယ့်ရည်းစားရဲ့ အမူအရာတွေ ပြောင်းလဲလာတာကို သတိပြုမိဖို့က မခက်ပါဘူး။ ကိုယ်ပြောနေကျ ဟာသတွေကို နှစ်နှစ်လိုလို ပြုံးရယ်တတ်တဲ့ မိန်းကလေးတစ်ယောက်က မရယ်ချင့်ရယ်ချင်ပဲ ရယ်တယ်ဆိုရင် ဒါမှမဟုတ် ရုပ်တည်ကြီးနဲ့ နေနေပြီဆိုရင်တော့ တစ်ခုခုတော့ မှားနေပါပြီ။ ဒီအချိန်မှာ သင်လုပ်နိုင်တာကတော့ သူမအတွက် ရိုမန်းတစ်ဆန်တဲ့ ဒိတ်တစ်ခု ဖန်တီးပေးဖို့ပါပဲ။ နှစ်ဦးကြားက အေးခဲမှုပျော်ဆင်းသွားပြီဆိုတော့မှ သူ့မှာ ဘာအခက်အခဲရှိနေတယ်ဆိုတာကို သေချာမေးမြန်းကြည့်ပါ။
သူမရဲ့အပြုအမူ ပြောင်းလဲမှုတွေကြောင့် စိတ်ပူပြီး မေးတဲ့ မေးခွန်းတွေကို အမေးကိုအမေးနဲ့ တုံ့ပြန်လာတာတို့၊ ဒဲ့မဖြေတာတို့ ဖြစ်လာပြီဆိုရင်၊ အဲဒီမေးခွန်းတွေကို မဖြေမချင်း ထပ်ခါ ထပ်ခါ မေးနေရပြီဆိုရင် သူမမှာ သေချာပေါက် လျှို့ဝှက်ချက်တွေ ရှိနေပါပြီ။ သူမရဲ့စိတ်ကို တစ်စုံတစ်ခုက အနှောင့်အယှက်ပေးနေပြီး ပွင့်ပွင့်လင်းလင်းထုတ်ပြောဖို့ ခက်နေစေပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ အရမ်းကြီးသွား push လို့မရပါဘူး။ အကိုင်အတွယ်မတတ်ရင် သင့်ကို တစ်သက်လုံး ထားသွားပါလိမ့်မယ်။ ဒီအချိန်မှာ အလုပ်သင့်ဆုံးကတော့ စိတ်ရှည်ရှည်နဲ့ သူ ထုတ်ပြောလာမှာကို စောင့်ဆိုင်းဖို့ပါပဲ။
သမီးရည်းစားတွေ လမ်းခွဲပြတ်စဲရတဲ့ အကြောင်းရင်းများ
အတူတူ စားသောက်ဆိုင်ထိုင်နေရင်း အိမ်သာသွားရင်တောင် ဖုန်းကို လက်ကမချဘဲ ယူသွားနေပြီလား။ သင်နဲ့တူတူရှိနေချိန်တွေမှာလည်း ဖုန်းကို ဖတ်ခနဲပိတ်ပစ်တာမျိုးတွေ လုပ်နေပြီလား။ တစ်ယောက်နဲ့တစ်ယောက် privacy ရှိရမှာမှန်ပေမယ့် သူ့ဖုန်းထဲကအရာတွေကို သင်မြင်မှာ သိပ်ကြောက်နေဟန် ပေါ်နေပြီဆိုရင်တော့ အခြေအနေက တော်တော်ဆိုးနေပြီလို့ ဆိုနိုင်ပါတယ်။ ဒါဟာ သူမမှာ ကြီးကြီးမားမားလျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့ လက္ခဏာပါပဲ။ ဖြစ်နေခြေအရှိဆုံးကတော့ သူမမှာ နောက်တစ်ယောက်ရှိနေနိုင်ပါပြီ။
ရုံးက ချောင်းသာကို လိုက်ပို့ပေးတယ်တို့၊ သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးတက်မယ်လို့ ပြောသွားပြီး သူနဲ့တူတူသွားတဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း သင်မသိဘူးဆိုပါစို့။ အဲဒီ ညအိပ်ညနေခရီးကို သင်လည်း အတူလိုက်ပါခွင့်မရဘူးဆိုပါစို့။ ဒါဟာ သင့်ကို သစ္စာဖောက်နေတဲ့ လက္ခဏာမဟုတ်ရင်တောင် သင်မပါဘဲ သူ့ဖာသာ တစ်ယောက်တည်း နေလိုစိတ်က တော်တော်ရင့်သန်နေပါပြီ။ ဒီအခြေအနေမှာ သင့်အပေါ်ထားတဲ့ သူမရဲ့လျှို့ဝှက်ချက်တွေကလည်း တော်တော်များနေပါပြီ။ ဒီလျှို့ဝှက်ချက်တွေကို သေချာမကိုင်တွယ်နိုင်ရင် အဝေးကို လွင့်သွားတော့မှာပါ။
Source: Topbanger
Share