ကမ္ဘာကျော်နည်းပညာကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Google နဲ့ ကမ္ဘာကျော်ဖက်ရှင်ကုမ္မဏီတစ်ခုဖြစ်တဲ့ Levis တို့ကတော့ ကမ္ဘာ့ပထမဆုံး စမတ်ဂျက်ကက်အင်္ကျီကို ပူးပေါင်းထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ ဒေါ်လာ (၃၅၀) ခန့်ကျသင့်မှာဖြစ်တဲ့ စမတ်ဂျက်ကက်အင်္ကျီဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး နည်းပညာနွယ်တဲ့ ဂျက်ကက်အင်္ကျီတစ်ထည် ဖြစ်လာမှာဖြစ်ပါတယ်။ ဒီဂျက်ကက်အင်္ကျီကို ဝတ်ဆင်လိုက်မယ်ဆိုရင် အင်္ကျီလက်ခေါက်ထဲမှာ နည်းပညာကို ထည့်သိမ်းသွားနိုင်တော့မှာပါ။
ဒီစမတ်ဂျက်ကက်အင်္ကျီကို မကြာသေးမီက မိတ်ဆက်ပေးခဲ့ပြီး အလုပ်ကို စက်ဘီးစီးပြီး သွားတတ်တဲ့သူတွေနဲ့ စက်ဘီးသမား တွေအတွက် အထူးဒီဇိုင်းဆွဲထားပါတယ်။ အထူးပြုလုပ်ထားတဲ့ နည်းပညာနဲ့ ပြုလုပ်ထားတဲ့အတွက် ဒီဂျက်ကင်အင်္ကျီဟာ ဝတ်ဆင်သူကို အင်္ကျီလက်ခေါက်ကို ထိလိုက်ရုံနဲ့ဖုန်းကိုင်နိုင်အောင်၊ နာရီကြည့်နိုင်အောင်၊ မှန်ကန်တဲ့ လမ်းကြောင်းကို လွယ်ကူစွာ သိနိုင်အောင် ကူညီပေးနိုင်ပါတယ်။
အင်္ကျီလက်ခေါက်ကို ထိလိုက်ရုံ၊ ပွတ်လိုက်ရုံနဲ့ လုပ်နိုင်တဲ့ တခြားလုပ်ဆောင်ချက်တွေလည်း အများကြီး ပါ ပါသေးတယ်။ ဂျက်ကက်အင်္ကျီက လမ်းကြောင်း ဘယ်လိုညွှန်ပြမလဲတို့၊ ဖုန်းဘယ်လို ပြောမလဲတို့ကို သိချင်နေပြီလား။
ဖုန်းပြောဖို့အတွက် ဂျက်ကက်အင်္ကျီနဲ့ ချိတ်ဆက်ထားတဲ့ နားကြပ်နဲ့ ပြောနိုင်ပါတယ်။ ဒီလိုပြုလုပ်ထားခြင်းဖြင့် ဖုန်းလာရင် ဖုန်းထုတ်ကြည့်ဖို့ မလိုတော့ဘဲ ကိုယ်မောင်းနေတဲ့ လမ်းကြောင်းကိုပဲ အာရုံစိုက်နိုင်ပါတယ်။ နည်းပညာကို အင်္ကျီရဲ့ ဂျင်းသားထဲမှာ ပေါင်းစပ်ဖန်တီးထားပေမယ့် ဒီအင်္ကျီကို လျှော်ဖွတ်လို့လည်း ရပါတယ်တဲ့။ အင်္ကျီမှာ ရေလျှော်တော့မယ်ဆိုရင် ဖြုတ်ပေးရမယ့် လက်ကြယ်သီးလေးတွေတော့ ပါပါတယ်။
တရုတ်နိုင်ငံမှာ ရုံးတစ်ရုံး ဖွင့်လှစ်သွားဖို့Facebook ကြိုးပမ်းနေ
ဒီ စမတ်ဂျက်ကက်အင်္ကျီကို "တုံ့ပြန်အားကောင်းတဲ့ denim ဂျင်းသား" နဲ့ ပြုလုပ်ထားပြီး အင်္ကျီလက်ခေါက်နားမှာ bluetooth ကိရိယာလေးတစ်ခု တပ်ဆင်ထားပါတယ်။ အဲဒီကိရိယာလေးကို လျှပ်ကူးပစ္စည်း (၁၅) မျိုးလောက်ကို ပေါင်းစပ်ဖန်တီးထားလို့ ထိတွေ့မှုတွေကို လျှင်မြန်စွာ တုံ့ပြန်နိုင်မှာပါ။
ဒါကြောင့် စက်ဘီးစီးနေရင်း (သို့) ကားမောင်းနေရင်း သီချင်းနားထောင်ချင်ရင် အင်္ကျီလက်ခေါက်လေးကို ထိလိုက်ရုံနဲ့ အလုပ်ဖြစ်နေပါပြီ။ အသံတိုးတာ၊ လျှော့တာ၊ ရပ်တန့်တာ၊ နောက်တစ်ပုဒ်ကျော်တာ၊ ဖုန်းမကိုင်တာ အစရှိတဲ့ လွယ်ကူရိုးရှင်းတဲ့ လုပ်ဆောင်မှုလေးတွေကိုလည်း အင်္ကျီကို တစ်ချက်ထိလိုက်ရုံနဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုကတော့ ဒီဂျက်ကက်အင်္ကျီကို (၁၀) ကြိမ်ပဲ လျှော်ဖွတ်လို့ ရပါသတဲ့။
Google ရဲ့အဆိုအရတော့ သူတို့ဟာ Levis နဲ့ ပူးပေါင်းပြီး ဒီ စမတ်ဂျက်ကက်အင်္ကျီကို ထုတ်လုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်က လူငယ်တွေကို ပစ်မှတ်ထားလို့ပါပဲတဲ့။ Levis ဂျင်းဘောင်းဘီနဲ့ ဂျင်း အင်္ကျီတွေကို နှစ်နှစ်ခြိုက်ခြိုက် ဝတ်ဆင်ကြတဲ့ လူငယ်ထုဟာ နည်းပညာအသစ်အဆန်းတွေနဲ့ ပေါင်းစပ်ထားတဲ့ ဒီဂျက်ကက်အင်္ကျီကိုလည်း သဘောကျနှစ်ခြိုက်ကြပါလိမ့်မယ်။
Google ရဲ့ မားကက်တင်းသမားတစ်ယောက်ကတော့ " ကျွန်တော့်အမြင်ကတော့ ဒီဂျက်ကက်အင်္ကျီလေးက လုံးဝပြီးပြည့်စုံပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ လူငယ်ထုကို ပစ်မှတ်ထားလို့ပါပဲ။ လူငယ်ကြိုက် ဖက်ရှင်နဲ့ လူငယ်ကြိုက်နည်းပညာကို ပေါင်းစည်းထားတဲ့အပြင် သူတို့ရဲ့လိုအပ်ချက်တွေကိုလည်း ဖြည့်စည်းပေးထားပါတယ်" လို့ ဆိုထားပါတယ်။
ဘာပဲဖြစ်ဖြစ် wearable technology (ဝတ်ဆင်လို့ရတဲ့ နည်းပညာ) လောကမှာတော့ Google နဲ့ Levis ရဲ့ အသစ်ဖန်တီးမှုဟာ အံ့သြချီးကျူးဖွယ်တစ်ခု ဖြစ်လာမလားဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Source: Youngisthan
Share