ကိုယ့်ဘော်ဒါတွေမှာလည်း ချစ်သူကိုယ်စီ၊ အလုပ်ထဲက လုပ်ဖော်ကိုင်ဘက်တွေမှာလည်း အိမ်ထောင်တွေ၊ ချစ်သူတွေနဲ့ သာယာနေတာ။ ကိုယ့်ကျမှ FA ဖြစ်နေရတယ်လို့။ ရည်းစားထားလည်း မမြဲဘူး။ ကိုယ့်လောက်ချစ်တတ်တာ ကိုယ်ပဲရှိတယ်။ ဒါတောင် FA (Forever Alone) ဘဝက မလွတ်နိုင်တာ ဘာကြောင့်လဲ။
၁။ ပြောသင့်မပြောသင့် မသိတတ်ဘူး
ကိုယ့် Crush လေးနဲ့ တွေ့နေပြီဆို ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ရတော့မယ်လေ။ သူကြိုက်လာအောင် စကားတွေပြောရမယ်။ သိမ်းသွင်းရမယ်ပေါ့။ ဒါပေမဲ့ အခြေအနေ အချိန်အခါကိုမကြည့်ဘဲ ချစ်တယ်လို့ပဲ ခဏခဏပြောနေရင် ဟိုဘက်က ပြန်ချစ်မယ့်အစား ထွက်ပြေးသွားမှာ။ မိန်းကလေးတွေဆိုလည်း စကားတွေ တရစပ်ပြောနေရင် ယောက်ျားလေးတွေက မကြိုက်ကြဘူး။
၂။ အရင်ကိစ္စတွေနှိုက်နှိုက်ချွတ်ချွတ်စုံစမ်းတယ်
ကိုယ်ကြိုက်နေတဲ့လူက အရင်တုန်းက ဘာတွေဖြစ်ခဲ့လဲ။ သူ့ရည်းစားဟောင်းတွေအကြောင်းကို အသေးစိတ်၊ နှိုက်နှိုက်ချွတ်ချွတ် မေးမနေနဲ့ဦး။ ကိုယ့်ရည်းစားဟောင်းအကြောင်းတွေလည်းပြော၊ သူ့ရည်းစားဟောင်းအကြောင်းတွေလည်း မေးတာမျိုး မလုပ်ရဘူး။ စကားထဲ ခဏခဏပြောနေတယ်ဆိုတည်းက စိတ်မကုန်သေးလို့ ပြောနေတာနဲ့ တူနေတယ်။
၃။ သူ့အကြိုက်တွေကိုလှောင်တယ်
သူ့ဘာသာ ဘာတွေကို ဘယ်လိုကြိုက်ကြိုက်လေ။ ဥပမာ K Pop အသည်းစွဲမို့လို့၊ ကာတွန်းကားတွေကြည့်လို့ ဆိုပြီး စနောက်တာမျိုးတွေကလည်း သူများရဲ့ စိတ်ပျော်ရာ ဝါသနာကို လှောင်ရာကျတယ်။ အဲ့လိုလူမျိုးကိုလည်း ဟိုက ပြန်မချစ်ချင်ဘူး။
၄။ ဆိုးကွက်တွေကိုစောစီးလွန်းစွာအသိပေးခြင်း
သူ့ရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်တယ်ဆိုတာ သူနဲ့ကိုယ် အရမ်းရင်းနှီးတဲ့အဆင့်မှ စွက်ဖက်လို့ကောင်းတယ်။ ထိုနည်းတူစွာပဲ ကိုယ့်ရဲ့ မကောင်းတဲ့အချက်တွေကိုလည်း သူနဲ့အရမ်းရင်းနှီးပြီဆိုတော့မှ ထုတ်ပြောသင့်တယ်။ စစတွေ့ချင်းမှာပဲ ကိုယ်ဘယ်လိုဆိုးပါတယ်ဆိုတာ ပြောလိုက်ရင် ဟိုက လန့်သွားရော။
၅။ ကိုယ့်ရဲ့ပန်းတိုင်ကိုနားလည်ပေးမယ့်လူ
ဘဝရည်မှန်းချက်ဆိုတာ လူတိုင်းလိုလိုမှာ ရှိတတ်ကြတယ်။ ကိုယ့်မှာလည်း ကိုယ်ပိုင်ရည်မှန်းချက်ရှိတယ်။ ကိုယ့်ချစ်သူအနေနဲ့ ကိုယ့်ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့အပေါ် နားလည်ထောက်ခံပေးတဲ့လူ ဖြစ်ဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ့်ရည်မှန်းချက်ကို နားလည်မပေးနိုင်တဲ့လူကို ချစ်သူတော်မိရင်လည်း မကြာခင်ပြတ်ပြီး FA ဘဝမှာ ကျင်လည်နေရဦးမှာပါ။