အပြုံးတစ်ပွင့်ဆိုတာ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကို မျှဝေရာမှာ အသုံးပြုတဲ့ ခန္ဓာကိုယ်က သဘာဝကျကျ တုံ့ပြန်မှုတစ်ခုပါပဲ။ ပြုံးနေတဲ့ မျက်နှာတစ်ခုဟာ လူမှုဆက်ဆံရေးမှာသာမက ကျန်းမာရေးအရလည်း အကျိုးကျေးဇူးတွေ အများကြီး ဖြစ်ထွန်းစေနိုင်ပါတယ်။ ပြုံးခြင်းက ကူညီလုပ်ဆောင်ပေးနိုင်တဲ့ လုပ်ဆောင်မှုတွေကတော့...
စိတ်နဲ့ ခန္ဓာဟာ ဆက်သွယ်မှုရှိနေတဲ့အတွက် မပျော်မရွှင်ဖြစ်နေတဲ့ အချိန်မှာတောင် ပြုံးပြုံးလေး နေနိုင်တယ်ဆိုရင် မျက်နှာ အရေပြားတွေက ဦးနှောက်ကို ပျော်နေတယ်လို့ သတင်းပို့မှာပါ။ ဒါဟာ ပျော်ရွှင်ခြင်းအစစ်အမှန် မဟုတ်ရင်တောင် စိတ်ကို အတိုင်းအတာတစ်ခုထိ သက်သာစေမှာပါ။ နောက်ပြီး ပြုံးနေချိန်မှာ ဦးနှောက်ထဲက endorphin လို့ခေါ်တဲ့ စိတ်ခံစားချက်နဲ့ ဆက်နွယ်နေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးနိုင်ပါသေးတယ်။
ဂျာမန်သိပ္ပံ ပညာရှင်တွေဟာ လူတွေကို အပြုံးတုလေး ဖြစ်ပေါ်အောင် ပါးစပ်ထဲမှာ ဘောပင်တစ်ချောင်းကိုက်ထားစေခဲ့ပြီး သုတေသနပြုလုပ်ခဲ့ပါတယ်။ သုတေသနရလဒ်အရဆိုရင် အဲဒီလို အပြုံးတုလေးကတောင် စိတ်ကိုပျော်ရွှင်စေတဲ့ ခံစားချက်တစ်ခုကို ပေးစွမ်းနိုင်ပါတယ်တဲ့။
လေ့လာတွေ့ရှိချက်တွေအရတော့ ပြုံးနေတဲ့ လူတစ်ယောက် (သို့) လူတစ်စုကို တွေ့လိုက်ရရင် ကိုယ်ပါ အလိုလို လိုက်ပျော်လာပြီး ပြုံးမိလာစေနိုင်ပါတယ်။ စိတ်ပညာသဘောတရား အရဆိုရင်လည်း ကိုယ့်ဘေးနားက လူတစ်ယောက် လုပ်တဲ့ အပြုအမူကို ကိုယ်ပါ လိုက်လုပ်မိတတ်ကြပါတယ်တဲ့။ ဒါကြောင့် ကိုယ့်အပြုံးက ကိုယ့်ဘေးနားက လူတွေကိုလည်း ပြုံးမိစေနိုင်တာကို ဒါမှမဟုတ် ပျော်ရွှင်စေနိုင်တာကို တွေ့ရှိရမှာပါ။
ဆွဲဆောင်မှုအားကောင်းတဲ့ လူတစ်ယောက်ဖြစ်လိုတယ်ဆိုရင်
ဓာတ်ပုံအရိုက်ခံရတော့မယ်ဆိုရင် ပြုံးပြုံးလေး နေမိတတ်ကြသလား။ မဲ့ရွဲ့မှိုင်တွေပြီး နေမိတတ်ကြသလား။ အများစုကတော့ ကင်မရာရှေ့ရောက်ရင် ပြုံးပြုံးလေးပဲ နေမိတတ်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြုံးနေချိန်မှာ လူတွေဟာ သူတို့ရဲ့အကောင်းဆုံး၊ အလှပဆုံး ပုံရိပ်တွေကို ပိုင်ဆိုင်နိုင်ကြလို့ပါပဲ။ နဂိုလှပြီးသားသူတွေဟာ နှစ်နှစ်ကာကာပြုံးလိုက်ရင် ပိုမိုဆွဲဆောင်မှု ရှိသွားတတ်တာပါ။
လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေ သိပ်များလွန်းနေတဲ့အချိန်မျိုးမှာ အသက်ပြင်းပြင်းတစ်ချက်လောက်ရှူပြီး ပြုံးကြည့်လိုက်ပါ။ ပြုံးရယ်ခြင်းဟာ စိုးရိမ်ကြောင့်ကြမှု၊ သောကနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကို လျော့ကျစေပြီး အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းကိုလည်း ပုံမှန်ဖြစ်စေပါသေးတယ်။
အလုပ်အင်တာဗျူးမှာ သင့်တင့်ကောင်းမွန်တဲ့ အဝတ်အစားကို ဝတ်စားသွားဖို့လိုအပ်သလို အပြုံးလေးနဲ့ ဆင်မြန်းထားဖို့လည်း လိုအပ်ပါသေးတယ်။ ပြုံးပြုံးလေး နေထိုင်တတ်တဲ့သူဟာ စိတ်ကြည်တော့ မျက်နှာလေးကလည်း ကြည်လင်နေပါတယ်။ နှစ်လိုဖွယ်ကောင်းနေတဲ့လူမျိုးကို ဘယ်သူမဆို အလုပ်ခန့်ချင်ကြမှာပါပဲ။ နောက်တစ်ခုက အင်တာဗျူးမယ့်သူတွေရဲ့ မျက်လုံးထဲမှာ ပြုံးနေတဲ့ သူတစ်ယောက်က မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိပုံပေါ်နေတော့ အလုပ်ခန့်ချင်စိတ်ကို တိုးပွားစေမှာပါ။
Source: Sparkpeople
Share