ဝါလကင်းလွတ် သီတင်းကျွတ်ပြီဆိုတော့ တစ်သက်တာပေါင်းဖက်မယ့် ချစ်သူစုံတွဲတွေကလည်း မင်္ဂလာပွဲဆင်နွှဲဖို့ ပြင်ဆင်နေကြပါပြီ။ မဒီ့ရဲ့ သူငယ်ချင်းတွေထဲမှာလည်း မင်္ဂလာဆောင်ကြမယ့်သူတွေ ရှိနေပြန်တော့ သူတို့အတွက်လည်း အသုံးတည့်အောင် ဒါလေးကို ရေးလိုက်ပါတယ်နော်။ မင်္ဂလာပွဲမတိုင်ခင် ပြင်ရဆင်ရနဲ့ စိတ်ပင်ပန်း ကိုယ်ပင်ပန်းနေပြီလား။ တစ်သက်မှာတစ်ခါပဲလုပ်ရမယ့် မင်္ဂလာပွဲဆိုတော့လည်း ပင်ပန်းရကျိုးလည်းနပ်အောင်၊ လှလှပပလေးနဲ့ အကောင်းဆုံးဖြစ်အောင်လို့ပါ။ မင်္ဂလာပွဲနေ့ရက်ဖို့ ၁၀ ရက် အလိုမှာ ဒါတွေကို လုပ်လိုက်ပါနော်။
၁။ ကင်မရာမန်း၊ ပန်းအလှဆင်မယ့်လူ၊ အကျွေးအမွေး အော်ဒါ စတာတွေကို ပြန်စစ်ပါ။ ကိုယ်မှာထားတဲ့ နေ့ရက် အချိန်နဲ့ ဘယ်လိုပုံစံလိုချင်တယ်ဆိုတာကို သူတို့ကိုပြန်ဆက်သွယ်ပြီး သတိထပ်ပေးပါ။ တစ်ခုခု ပြောင်းလဲချင်တာရှိရင်၊ ထပ်တိုးချင်ရင်လည်း မီလောက်သေးတာမို့ ဒါကို အရင်လုပ်လိုက်နော်။
၂။ ဖိတ်ထားတဲ့ ဧည့်သည်စာရင်းကိုလည်း ပြန်စစ်ရမယ်။ လူတွေကျန်သေးလား၊ မဖိတ်ရသေးတဲ့လူတွေရှိရင် ဖိတ်ရမယ်။
၃။ မင်္ဂလာပွဲမှာဝတ်မယ့် အဝတ်အစားတွေကို fitting ချပါ။
၄။ သတို့သမီးအရံတွေ၊ သတို့သားအရံတွေ၊ ပန်းကြဲ ၊ လက်စွပ်ဗန်းကိုင်မယ့်လူတွေကိုလည်း အခြေအနေလေး လှမ်းစုံစမ်းကြည့်ဦး။ နေကောင်းရဲ့လား၊ အဆင်ပြေလား၊ ဘာလိုလဲဆိုတာတွေ မေးထားပြီး လိုတာတွေ ဖြည့်ဆည်းပေးထားရဦးမယ်နော်။ ခရီးရက်ရှည်ထွက်မယ်ဆိုရင်လည်း ချော့ပြီး မထွက်ခိုင်းနဲ့။
၅။ ဆံပင်ညှပ်သင့်ရင် ညှပ်လိုက်ပါ။ ဆံပင်အဖျားနှစ်ခွတွေ၊ ဖွာလန်ကြဲနေတာတွေကို သက်သာအောင် ညှပ်ထုတ်လိုက်ပါ။ ဆံပင်လေးလည်း ပေါင်းတင်ဦးနော်။
၆။ မျက်နှာလေးကိုလည်း ကြိုတင် ဂရုစိုက်ထားရမယ်။ ဒါမှ မိတ်ကပ်လိမ်းလို့ကောင်းနေမှာ။ အဆိပ်ထုတ်၊ ပေါင်းတင်တာတွေ လုပ်ထားဖို့လိုမယ်။ နောက်ထပ်လည်း လိုအပ်တဲ့ treatment တွေ လုပ်ထားရမယ်နော်။
၇။ အလုပ်ကနေ ရက်နည်းနည်းလောက်စောပြီး ခွင့်ယူဖို့လိုတယ်။ ခွင့်စာ ကြိုတင်လိုက်ပေါ။ ဘာကြောင့်လဲဆိုတော့ အလုပ်တွေရှုပ် စိတ်ပင်ပန်ပြီး အိပ်ရေးမဝရင် မလှဘဲနေမှာစိုးလို့လေ။
၈။ ခင်ပွန်းဘက်က ဆွေမျိုးအသိုင်းအဝိုင်းနဲ့လည်း သွားတွေ့ပါ။ ရင်းနှီးမှုပိုရအောင် ဝင်ထွက်သွားလာပါ။ စကားတွေလည်းပြောပါ။ နှစ်ဘက်အသိုင်းအဝိုင်း အဆင်ပြေအောင် နေပေးကြရပါမယ်။
၉။ မင်္ဂလာအခမ်းအနား ကျင်းပမယ့်နေရာကို အလည်သွားကြည့်ပါဦး။ ခမ်းမ အနေအထားက ဘယ်လိုရှိတယ်ဆိုတာ ကြည့်ပြီးရင် ဘယ်နေရာမှာ ဘာထားမယ် ဘယ်လိုစီစဉ်မယ် ဆိုတာတွေအတွက် အကြံဉာဏ်ရလာနိုင်တယ်။
၁၀။ ဟန်းနီးမွန်းသွားဖို့ စီစဉ်ထားတယ်ဆိုရင် အထုပ်အပိုးတွေ ကြိုပြင်ထားလိုက်ပါတော့။ မင်္ဂလာဆောင်ပြီးတာနဲ့ တန်းသွားမှာဆိုတော့ ပြင်ဖို့အချိန်ရမှာမဟုတ်ဘူး။ ခုတည်းက အဝတ်အစား အသုံးအဆောင် လိုအပ်တာမှန်သမျှ အိတ်ထဲသာထည့်ထားပေတော့ပဲ။
Source : She Find
Share