ကိုယ့်ချစ်သူက အမြဲတမ်း ဂိမ်းဆော့နေတာပဲ၊ အချိန်ဖြုန်းနေတာပဲ၊ အလုပ်ကိုအာရုံမစိုက်ဘူးလို့ ပျိုမေလေးတို့က ခဏခဏ တွေးမိတတ်ကြတယ်။ ဒီလောက် ဂိမ်းဆော့နေတဲ့လူကို ဖြတ်လိုက်ရမလားလို့လည်း တွေးမိချင်တွေးမိကြမှာပါ။ သူ့ဘာသာဂိမ်းဆော့တာနဲ့ ကိုယ်က ဖြတ်လိုက်စရာလားနော်။
Gamer သမားကို ချစ်သူတော်ထားရတာ ကောင်းတဲ့အချက်တွေလည်း ရှိပါသေးတယ်။ သူ့အနေနဲ့ ဂိမ်းကို စိတ်အပန်းဖြေဖို့အတွက် ဝါသနာတစ်ခုအနေနဲ့ ဆော့တာဖြစ်ပြီး ကိုယ့်အပေါ်လည်း အချစ်မပျက်၊ အလုပ်အကိုင်နဲ့ ဘဝရပ်တည်ချက်ခိုင်မာသူဆိုရင်တော့ ချစ်သူ gamer ကြီးကို ချစ်ရတာ ပျော်စရာတောင်ကောင်းနေဦးမှာအမှန်ပဲ။
၁။ ပျော်ရွှင်မှုကို မျှဝေပေးလိုက်
ကိုယ့်ချစ်သူဆော့တဲ့ ဂိမ်းဆိုင်ကို လိုက်သွားပြီး ဘေးက စပ်စုလို့ရမယ်။ သူတို့ ဂိမ်းတစ်ပွဲတိုက်ပြီးလို့ နိုင်တဲ့အခါ ကိုယ်ကပါ ဝင်ပြီး လက်ခုပ်တီးပေးလို့ရတာပဲ။ ကိုယ့်ကောင်မလေးက ကိုယ်ဂိမ်းဆော့တာ ဘေးကနေအားပေးတယ်ဆို ဟိုက ပိုတောင်ချစ်ပေးဦးမှာ။
၂။ နားပူနားဆာမလုပ်နဲ့
ဂိမ်းဆော့နေတုန်း ဘေးမှာကြည့်ပဲကြည့် ၊ နားပူနားဆာလုပ် ဂျီကျတာမျိုးတော့ မလုပ်မိစေနဲ့။ အချစ်တွေပျောက်ပြီး ထသောင်းကျန်းလိမ့်မယ်။ ဂိမ်းဆော့နေတုန်း ပေးဆော့လိုက်။ နောက်မှ ကိုယ်ဖြစ်တာကိုပြောမယ်ဆို တစ်ခုတောင်းဆိုပြီး နှစ်ခုသုံးခုလောက်တောင် ဟိုက ဖြည့်ဆည်းပေးလောက်တယ်။ အထာနပ်ဖို့ပဲလိုတယ်။
၃။ ဝါသနာထက်ပိုတယ်
Gamer တွေအတွက်တော့ ဂိမ်းဆော့တယ်ဆိုတာ ဝါသနာထက်တောင် ပိုနေသေးတယ်။ သူတို့ယောက်ျားလေးချင်းကလည်း အရမ်းစည်းလုံးကြတာ။ ကိုယ်က နားလည်ပေးဖို့ပဲ လိုပါတယ်။ မာဆတ်သွားနေတာထက်စာရင် ဂိမ်းဆိုင်မှာ ဂိမ်းဆော့တာက ပိုစိတ်ချရတယ်လေ။ ကိုယ်ကပဲ နားလည်ပေးလိုက်ပါ။
အပေါ်မှာ ပြောပြထားတဲ့ အချက်တွေက gamer ကို ချစ်သူတော်ထားရတဲ့ မိန်းကလေးတွေရဲ့ စကားတွေပါ။ သူတို့ဟာ လက်ရှိမှာလည်း gamer ချစ်သူနဲ့ပဲ အဆင်ပြေနေကြတုန်းပါပဲ။ လူတိုင်းမှာ ဝါသနာကိုယ်စီ ရှိတတ်ကြတာမို့ နားလည်ပေးတတ်မယ်ဆို ပြီးတာပဲမဟုတ်လား။ ကိုယ့်ချစ်သူ Dota ခုတ်နေတုန်းမှာ ဖုန်းတဂွမ်ဂွမ်ဆက်မယ့်အစား သူဆော့ပြီးလို့ အနိုင်ရတိုင်း လက်ခုပ်တီးပေးလိုက်မယ်ဆို အချစ်ရေးက ပိုပြီးတော့တောင် အဆင်ပြေလာမှာပါ ညီမလေးရေ။