ခုဆို မိုးရာသီက ကုန်သွားပြီး ဆောင်းဝင်စပြုနေပြီနော်။ သိပ်မကြာခင် အေးသထက်အေးလာတော့မှာပါ။ အေးလာပြီဆိုရင် အသားအရေကလည်း ခြောက်သွေ့လာတော့ မိတ်ကပ်လိမ်းလို့မကောင်းတော့ဘူး။ ဒီအတွက် မဒီက ဆောင်းရာသီမိတ်ကပ်လိမ်းတဲ့အခါ ပိုလှစေမယ့် အကြံလေးတွေ ပေးလိုက်ပါတယ်။
၁။ လာဗင်ဒါနှုတ်ခမ်းနီ
ဆောင်းရာသီက အေးမြတော့ နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့အက်ကွဲတယ်လေ။ ဒီအတွက် လာဗင်ဒါပါဝင်တဲ့ နှုတ်ခမ်းနီကို သုံးပေးသင့်ပါတယ်။ လာဗင်ဒါဆီက နှုတ်ခမ်းသားတွေကို ချောမွေ့နူးညံ့စေလို့ပါပဲ။
၂။ အပြာရောင်အိုင်းရှဲဒိုး
အိုင်းရှဲဒိုးကို အပြာရောင်ခြယ်ကြည့်ပါ။ အေးမြတဲ့ရာသီဥတုနဲ့ လိုက်ဖက်တဲ့အရောင်လည်းဖြစ်တယ်။ ပထမဆုံး မျက်ခွံပေါ်ကို primer လူးပြီး အိုင်းရှဲဒိုးကိုတင်ပါ။ မျက်တောင်ရင်းနားမှာ အရောင်များများလေးထည့်ပေါ့။ မျက်နှာကို မိတ်ကပ်ပါးပါးလေးပဲလိမ်းပြီး မျက်လုံးအကြည့်တွေနဲ့ စကားပြောလိုက်ပါ။
၃။ သန္တာရောင်ပါးနီ
ပါးနီလိမ်းတဲ့အခါ ပန်းရောင်၊ ကြေးနီရောင်၊ သန္တာရောင်ဆိုပြီး နေရာနဲ့အချိန်အလိုက် ရွေးကြတယ်မဟုတ်လား။ မက်မွန်ရောင်ကတော့ သဘာဝအရောင်လေးပေါ့။ ဆောင်းရာသီလို အေးမြမှုန်မှိုင်းတဲ့ နေ့ရက်တွေမှာ သန္တာရောင် ပါးနီက အလိုက်ဖက်ဆုံးပါပဲနော်။ အအေးရှိန်ကြောင့် ဖြူဖျော့နေမယ့် မျက်နှာလေးကို အရောင်လေးကြွနေအောင် သန္တာရောင်ပါးနီက ကူညီပါလိမ့်မယ်။
၄။ လက်သည်းနီဆိုးပါ
ဘာကြောင့်လဲဆိုတော့ လက်ဖျားလေးတွေအေးလာတိုင်း လက်သည်းခွံလေးတွေက အနီရောင်မဟုတ်တော့ဘူးလေ။ အပြာရောင်၊ အဖြူရောင်ဖြစ်သွားတယ်။ အအေးဒဏ်ကြောင့် သွေးမလျှောက်တော့လို့ အဲ့လိုဖြစ်သွားတာ။ ဒါကြောင့် လက်သည်းနီလေးတွေဆိုးပေးဖို့နဲ့ လက်ဖဝါးလေးနူးညံ့မယ့်ခရင်မ်လေးလိမ်းဖို့ကိုလည်း မမေ့ပါနဲ့ဦးလို့ မဒီက တိုက်တွန်းလိုက်ပါတယ်။