ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးရဲ့ ဖခင်ဖြစ်သူဟာ သူ့ထက် အသက် ၄၀ ကျော် ငယ်တဲ့ မယားပါသမီးနဲ့ ဒုတိယမြောက်ကလေး ထပ်မွေးထားတယ်လို့ ဆိုပါတယ်။
တောင်အာဖရိကနိုင်ငံက အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ အာရိုးမတ်စ်ဟာ ဂျာနာ ဘူဇီဒန်ဟောက်နဲ့ ကလေးတစ်ယောက်ရထားကြောင်း မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ဝန်ခံလိုက်ပါတယ်။ အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အီလွန်မတ်စ်ရဲ့ ဖခင် အာရိုးမတ်စ်နဲ့ ဘူဇီဒန်ဟောက် (၃၅ နှစ်)တို့ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ကျူးကျူးလွန်လွန်ဖြစ်နေကြတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့တာပါ။
အခုကတော့ ကောလာဟလတွေကို အာရိုးမတ်စ်က ပထမဆုံးအကြိမ် တရားဝင် အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ အာရိုးမတ်စ်နဲ့ ဘူစီဒန်ဟောက်တို့ဟာ ၂၀၁၇ ခုနှစ်က အဲလီးယော့ ရက်ရှ်လို့ နာမည်ပေးထားတဲ့ ကလေးတစ်ယောက် ပထမဆုံးမွေးထားပြီး ၂၀၁၉ မှာ မရည်ရွယ်ဘဲ နောက်ထပ် သမီးငယ်တစ်ဦး မွေးလာတာလို့ ဆိုပါတယ်။ ဘူစီဒန်ဟောက်ဟာ အာရိုးမတ်စ်ရဲ့ ဒုတိယဇနီး ဟိုင်ဒီ ဘူစီဒန်ဟောက်ရဲ့ သမီးဖြစ်ပါတယ်။
၁၉၇၉ မှာ အီလွန်မတ်စ်ရဲ့ မိခင် မာယီ ဟယ်ဒီမန်မတ်စ်နဲ့ ကွာရှင်းပြတ်စဲပြီးနောက် အာရိုးမတ်စ်ဟာ ဟိုင်ဒီ ဘူစီဒန်ဟောက်နဲ့ လက်ထပ်လိုက်တာပါ။ မာယီ ဟယ်ဒီမန်မတ်စ်နဲ့ ပေါင်းသင်းစဉ်က အီလွန် ၊ ကင်ဘယ်နဲ့ တော့စ်ကာ ဆိုပြီး သားသမီး ၃ ယောက် ရခဲ့ပါတယ်။ အာရိုးမတ်စ်ဟာ ဟိုင်ဒီ ဘူစီဒန်ဟောက်စ်နဲ့ ၁၈ နှစ်ပေါင်းသင်းခဲ့ပြီး သားသမီး ၂ ဦး ရခဲ့တာကြောင့် အခုဆို အာရိုးမတ်စ်မှာ စုစုပေါင်း သားသမီး ၇ ဦး မွေးထားပြီ ဖြစ်ပါတယ်။
အီလွန်မတ်စ်ရဲ့ ဖခင် အာရိုးမတ်စ်ကတော့ လိင်ကိစ္စပွေတာကို လူမှုရေးဖောက်ပြန်တယ်လို့ မမြင်ပါဘူး။ တစ်ခါက သူနဲ့ The Sun သတင်းစာတို့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ "ကမ္ဘာပေါ် ကျုပ်တို့ ရောက်လာတဲ့ တစ်ခုတည်းသောအကြောင်းရင်းက မျိုးဆက်ပွားဖို့ပဲ" လို့ ပြောခဲ့ပါတယ်။
ဒုတိယမယားနဲ့ ပါလာတဲ့ သမီး ဘူစီဒန်ဟောက်မှာ အာရိုးမတ်စ်နဲ့ ကိုယ်ဝန်ရပြီဆိုတဲ့ သတင်းကြားချိန်က မတ်စ်တို့ မိသားစုဟာ အတော်ကြီး ရှော့ခ်ရသွားခဲ့ပြီး ဖခင်ဖြစ်သူရဲ့ စက်ဆုပ်ဖွယ်လုပ်ရပ်ကို ဒေါသထွက်ခဲ့ကြပါတယ်။ Tesla CEO အီလွန်မတ်စ်ကဆို ၂၀၁၇ ခုနှစ်က Rolling Stone မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုမှာ သူ့ဖခင်ကို "မကောင်းဆိုးဝါး" တစ်ယောက် ၊ "ကြောက်စရာကောင်းတဲ့ လူတစ်ယောက်" လို့ ပြောသွားခဲ့ပါတယ်။
ဖခင်နဲ့ မိခင် ကွာရှင်းပြတ်စဲပြီးနောက် အသက် ၈ နှစ်ပဲ ရှိသေးတဲ့ အီလွန်မတ်စ်ဟာ သူ့ဖခင်နဲ့ လိုက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အီလွန်မတ်စ်ရဲ့ အတွေးအခေါ်တွေအပေါ် သူ့ဖခင်ရဲ့ ဒဿနနဲ့ ခံယူချက်တွေက အရိပ်ထိုးမှု ရှိနိုင်ပါတယ်။ တလောကပဲ သူ့ပိုင် Neuralink ကုမ္ပဏီရဲ့ ထိပ်တန်းအမှုဆောင်အရာရှိ ရှီဗွန် ဇီးလစ်နဲ့ ငြိစွန်းပြီး ၂၀၂၁ နှစ်ကုန်ပိုင်းက အမွှာကလေးနှစ်ဦး ရခဲ့ကြောင်း သတင်းတွေ ထွက်လာပြီးနောက် အီလွန်မတ်စ်ရဲ့ Tweet မှာ "လူဦးရေကျဆင်းမှု အကြပ်အတည်းကို ကာကွယ်ဖို့ ကျွန်တော်တတ်နိုင်တာ အကောင်းဆုံး လုပ်နေတာပဲ" လို့ ရေးခဲ့ပါတယ်။
Tesla သူဌေး အီလွန်မတ်စ်ဟာ ရည်းစားဟောင်း ကနေဒါအဆိုတော် Grimes နဲ့လည်း ကလေး ၂ ဦး ရထားသလို ဇနီးဟောင်း စာရေးဆရာမ ဂျက်စတင် ဝီလ်ဆင်နဲ့ သားသမီး ၅ ဦး ( နှစ်မွှာပူး - ဂရစ်ဖင် ၊ ဇာဗီယာ နဲ့ သုံးမွှာပူး - ဒါမီယန် ၊ ဆက်ဇွန် နဲ့ ခိုင်) ဆိုပြီး သားသမီး ၅ ဦး စုစုပေါင်း သားသမီး ၉ ဦး ရထားပါတယ်။