နှလုံးရောဂါဟာ ကြောက်ဖို့ကောင်းတဲ့ရောဂါတစ်ခုပါ။ ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အဓိကအင်္ဂါတစ်မျိုးဖြစ်တဲ့ နှလုံးဟာ အသက်ရှင်သန်ရပ်တည်ရေးအတွက် အရေးပါပြီး အချိန်အကြာကြီး နှလုံးရပ်သွားမယ်ဆိုရင် သေဆုံးပြီလို့ သတ်မှတ်နိုင်ကြပါတယ်။ လူတိုင်းလူတိုင်းမှာ အစားအသောက်၊ အနေအထိုင် မဆင်ခြင်ရင် နှလုံးရောဂါဖြစ်နိုင်ခြေရှိပါတယ်။
ဒါကြောင့် နှလုံးရောဂါရှိနေကြောင်း ခန္ဓာကိုယ်က သတိပေးနေပေမယ့် လူအများက သတိမပြုမိတတ်ကြတဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နှလုံးရောဂါရဲ့လူသိများတဲ့ လက္ခဏာတစ်ခုကတော့ မောပန်းနွမ်းနယ်ခြင်းပါပဲ။ နှလုံးဖောက်ခါနီး လူနာတွေဟာ ပုံမှန်နိစ္စဓူဝ လုပ်ငန်းဆောင်တာလေးတွေ လုပ်ရင်တောင် မောပန်းနွမ်းနယ်နေတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှလုံးဖောက်ခါနီးမှာ နှလုံးထဲကိုသွေးရောက်တာ နည်းလာပြီး နှလုံးကြွက်သားပေါ်မှာ ဖိအားတွေများလာရပါတယ်။ ဒီလိုနဲ့ ပိုမိုပြီး မောပန်းနွမ်းနယ်လာရတာ ဖြစ်ပါတယ်။
မကြာခဏကျောအုန်းအောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ လက်မောင်းနာကျင်ခြင်းတို့ဟာလည်း နှလုံးရောဂါရှိနေခြင်းကို တိတ်တဆိတ်ဖော်ပြနေတဲ့ လက္ခဏာတွေပါပဲ။ နှလုံးကြွက်သားဆဲလ်တွေမှာ အောက်ဆီဂျင်ကုန်ခမ်းလာတဲ့အခါ နှလုံးဟာ အာရုံကြောအဖွဲ့အစည်းကို နာကျင်မှုရဲ့လက္ခဏာတွေ ပေးပို့ဖို့ ကြိုးစားပါတယ်။ ဦးနှောက်ဟာ အဲဒီလက္ခဏာတွေကို လက်မောင်း၊ ကျောကုန်းနဲ့ ရင်ဘတ်လာတဲ့ အာရုံကြောလက္ခဏာတွေနဲ့ မှားယွင်းသွားပါတယ်။ ဒါပေမယ့် လူအများစုကတော့ အဆိုပါလက္ခဏာတွေကို နှလုံးနဲ့ ဆက်နွယ်တယ်လို့ မထင်ဘဲ ပေါ့ပေါ့တန်တန် နေတတ်ကြတဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာလည်း ရှိပါတယ်။
ရွှေတိဂုံဘုရားတက်ရင် ပုံမှန်ဆို ဓာတ်လှေကားတို့၊ စက်လှေကားတို့ မစီးဘဲ တောင်ဘက်မုဒ်က လှေကားထစ်လေးတွေအတိုင်း တက်လေ့ရှိပေမယ့် အခုတလော လှေကားပေါ် အတက်အဆင်းလုပ်တိုင်း အသက်ရှူမဝသလို ခံစားနေရပါသလား။ ဒါဆို မိမိရဲ့နှလုံးအထူးကု ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အသက်ရှူမဝသလို ခံစားနေရခြင်းက နှလုံးဖောက်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာထဲမှာ ပါဝင်နေလို့ပါပဲ။
ဒါမှမဟုတ် မနက်အိပ်ယာနိုးနိုးချင်းမှာပဲ အသက်ရှူမဝသလို ခံစားနေရပြီဆိုရင်တော့ နှလုံးမှာတစ်ခုခု အားနည်းနေတာ သေချာနေပါပြီ။ နှလုံးဟာ အောက်ဆီဂျင်ကို ခန္ဓာကိုယ်နေရာအနှံ့အပြားကို ပို့ဆောင်ဖို့နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ခန္ဓာကိုယ်တစ်ရှူးတွေဆီက ဖယ်ရှားဖို့အတွက် အရေးပါပြီး နှလုံးအားနည်းနေချိန်မှာ အောက်ဆီဂျင်မလုံလောက်တဲ့အတွက် အသက်ရှူမဝခြင်းကို လက္ခဏာအဖြစ် ဖော်ပြမှာပါပဲ။
တစ်ခါတလေမှာ နှလုံးရောဂါလက္ခဏာတွေက အစာအိမ်ရောဂါလက္ခဏာတွေဖြစ်တဲ့ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အစာအိမ် အူလမ်းကြောင်း နာကျင်ခြင်းစတဲ့ ဝေဒနာတွေနဲ့ ရောထွေးနေတတ်ပါတယ်။ ဒါကြောင့် အလုပ်ထဲမှာ ထိုင်နေရင်း မူးဝေပြီး ပျို့အန်ချင်သလို ဖြစ်လာရင်၊ တခြားလက္ခဏာတွေဖြစ်တဲ့ ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှူမဝခြင်းတို့ပါ တွဲဖက်နေရင် နှလုံးအထူးကုဆရာဝန်ဆီကို ရက်ချိန်းယူထားဖို့ လိုအပ်နေပါပြီ။
ရုတ်တရက်ကြီး ဘာအကြောင်းပြချက်မှမရှိဘဲ လည်ပင်း၊ မေးရိုးနဲ့ ဂုတ်ပိုးတဝိုက်မှာ နာကျင်မှုခံစားနေရပြီဆိုရင်တော့ နှလုံးရောဂါရဲ့ လျှို့ဝှက်လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုသမားတွေ အထူးသတိထားသင့်ပါတယ်။ ဆီးချိုရောဂါရှိသူတွေဟာ ရင်ဘတ်အောင့်တာလိုမျိုး သိသာထင်ရှားတဲ့ လက္ခဏာတွေကိုသာ သတိပြုမိတတ်ပြီး လည်ပင်းညောင်းတာ၊ နာတာလောက်ကိုတော့ ကွန်ပျူတာအကြည့်များလို့ ဖြစ်မှာလို့ ယူဆသတ်မှတ်တတ်ကြလို့ပါပဲ။
Source: Reader's Digest
Share