အာဆီယံနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကိုတော့ သိကြမှာပါ။ ဘော်နီယိုကျွန်းစုတွေပေါ်က နိုင်ငံလေးဟာ ချမ်းသာကြွယ်ဝမှုကြောင့် နာမည်ကျော်လူသိများခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ဘရူနိုင်းမင်းသားတစ်ပါးကြောင့် ပိုပြီးတော့ ထင်ရှားလာခဲ့ပါပြီ။ ခမ်းနားကြီးကျယ်တဲ့ အဆောင်အယောင်တွေ၊ အဆင့်အတန်းမြင့်မြင်နဲ့ နေထိုင်မှုပုံစံတွေနဲ့ သူ့ရဲ့ Instagram ပေါ်က ပုံရိပ်တွေကြောင့် Mateen လို့ အမည်ရတဲ့ ဘရူနိုင်းမင်းသားဟာ ထင်ပေါ်ကျော်ကြားသူတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ Instagram မှာဆိုရင်တော့ Followers ပေါင်း ၇သိန်းနဲ့၃သောင်းကျော်အထိ ရှိနေပါပြီ။ အသက် ၂၆ နှစ်အရွယ်သာ ရှိသေးတဲ့ Mateen ဟာ Instagram ပေါ်မှာ သူ့ရဲ့ ဘဝနေထိုင်မှုပုံစံ ဓာတ်ပုံတွေကို တင်လေ့ရှိတာကြောင့် သူ့ရဲ့ လူမှုဘဝကိုပါ စိတ်ဝင်စားမှုတွေ များပြားလာတာလည်း ဖြစ်ပါတယ်။
ဘရူနိုင်းဘုရင် Sultan Hassanal Bolikiah ရဲ့ သားသမီး ၁၂ ယောက်မှာ ယောကျာ်းလေး (၅)ယောက် နဲ့ မိန်းကလေး (၇)ဦး ပါဝင်ခဲ့ပြီး Mateen က သားတော် (၅)ဦးကတည်းက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဘုရင်ကြီး Sultan ကတော့ချမ်းသာကြွယ်ဝမှု အနေနဲ့ဆိုရင် ဒေါ်လာ ၂၀ ဘီလျံအထိရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့်လည်း Mateen ရဲ့ ဘဝက ပြည့်စုံကြွယ်ဝမှုတွေနဲ့ လုံလောက်ခဲ့တာပါ။ မကြာခဏဆိုသလို ပိုလို ဆော့ကစားနေတတ်သူ၊ ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးတွေထွက်နေတတ်သူ၊ ကမ်းခြေတွေကို အလည်အပတ်သွားနေသူ၊ ဒါမှမဟုတ် ရိုင်းစိုင်းတဲ့ တိရစ္ဆာန်တွေကို မွေးမြူပြီး ယဉ်ကျေးလာအောင် သွန်သင်နေတတ်သူလို့ လူသိများနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ (၂)နှစ်က ထိုင်းနိုင်ငံသတင်းဌာနတစ်ခုနဲ့ အင်တာဗျူးတစ်ခုမှာတော့ မင်းသားဟာ ပြည့်စုံကြွယ်ဝတဲ့ ဘဝကို ငြီးငွေ့နေပြီးတော့ သာမန်လူတွေလိုပဲ ရိုးရှင်းတဲ့ ဘဝကို ဖြတ်သန်းလိုစိတ်ရှိနေကြောင်း ဝန်ခံခဲ့ဖူးပါတယ်။ လိုတိုင်းတ၊ရနေတဲ့ဘဝမှာ ငြီးငွေ့လာတဲ့ သဘောပါပဲ။ GQ သတင်းဌာနကတော့ " အာရှရဲ့ အကောင်းဆုံးရွေးချယ်ချင်စရာ သတို့သားလောင်းလို့" နာမည်တပ်ခဲ့ပါတယ်။
မင်းသား Abdul Mateenကို ၁၉၉၁ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဘဝကတော့ မယုံကြည်နိုင်အောင်ကို ပြီးပြည့်စုံမှု ရှိခဲ့ပြီးတော့ သူ ကျင်လည်ခဲ့ရတဲ့ ဘဝတစ်လျှောက်မှာ ခမ်းနားကြီးကျယ်စွာနဲ့ပဲ နေထိုင်ခဲ့ရတာပါ။ သူ အိပ်စက်တဲ့အခန်းမှာဆိုရင်တော့ ကျားသစ်တွေ မွေးမြူထားပြီးတော့ အတူတူအိပ်စက်လေ့ရှိပါတယ်။ လှပခမ်းနားတဲ့ ဖဲမွေ့ယာကုတင်ထက်မှာ သူ ဝါသနာပါရာ တိရစ္တာန်လေးတွေကို မွေးမြူပြီးတော့ ပွေ့ပွေ့ပိုက်ပိုက် နေထိုင်လေ့ ရှိပါတယ်။ တန်ဖိုးကြီးမားတဲ့ လက်ပတ်နာရီကို ဝတ်ဆင်လေ့ရှိပြီးတော့ ဆွစ်ဇာလန်ထုတ် Patek Philippe နာရီကို ဝတ်ဆင်တတ်သူပါ။ ဖာရာရီကားအမျိုးအစားတွေကိုလည်း ဝယ်ယူပြီး စီးနင်းသလို အခြားတန်ဖိုးကြီး ကားတော်တော်များများလည်း သူက ပိုင်ဆိုင်ထားပါသေးတယ်။ ကျား၊ ကျားသစ်ပေါက်လေးတွေကို မွေးမြူရတာ နှစ်ခြိုက်သူဖြစ်ပြီးတော့ ဖက်လှဲတကင်းလည်း နေထိုင် နေတတ်တဲ့ သူ့ကိုယ်သူကို " Tigers of Father" လို့နာမည်ပေးထားပါသေးတယ်။ မြင်းပုလေးတွေ၊ ကြောင်လေးတွေကိုလည်း မွေးမြူထားပါသေးတယ်။
သူ့ဘဝတစ်လျှောက်မှာတော့ ခရီးတော်တော်များများကို သွားဖူးပြီးတော့ မြေထဲပင်လယ်နဲ့ သဲကန္တာရတွေပါမကျန် နှံ့စပ်နေအောင် ရောက်ဖူးသူဖြစ်ပါတယ်။ ကမ်းခြေတော်တော်များများကိုလည်း မရောက်ဖူးတဲ့နေရာမရှိလောက်အောင် လည်ပတ်ဖူးပြီး ပင်လယ်ထဲမှာ မြင်းစီးရတဲ့ အရသာကို နှစ်ခြိုက်ခုံမင်ပါသတဲ့။ Mateen ဟာ အင်္ဂလန်မှာ မိသားစုဝင်အချို့နဲ့အတူ နေထိုင်နေတာ ဖြစ်ပြီးတော့ ၂၀၁၁ ခုနှစ်မှာ အင်္ဂလန်မှာရှိတဲ့ Royal Military Academy Sandhurst ကောလိပ်ကနေ ဘွဲ့ရခဲ့ပြီး ဘရူနိုင်းစစ်တပ်မှာ ဗိုလ်ကြီးရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။ ဒီအတွက်လည်း သူလုပ်ခဲ့ဖူးသမျှတွေထဲက အကြီးကျယ်ဆုံး အလုပ်တစ်ခုလို့ ဘရူနိုင်းမင်းသားက ဂုဏ်ယူဝံ့ကြွာစွာ ပြောခဲ့ဖူးပါတယ်။ အဲဒီကောလိပ်ကို အသက် (၁၈)နှစ်ကတည်းက တက်ရောက်ခဲ့တာဖြစ်ပြီးတော့ အသက်အငယ်ဆုံးကျောင်းသားတစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ ၄၄ ပတ်ကြာ တက်ရောက်ရတဲ့ အဲဒီကောလိပ်မှာတော့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပိုင်းတွေကို လေ့ကျင်ခဲ့ရပြီး ဖိအားအများအပြားနဲ့ရင်ဆိုင်ခဲ့ရကြောင်း Mateen က GQ သတင်းဌာနနဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် University of London's School of Oriental and African Studies (SOAS) ကနေ အနုပညာနဲ့ မာစတာဘွဲ့ရအောင်လည်း ပညာရေးဘက်မှာ ထူးချွန်သူဖြစ်ပါတယ်။
အားကစားဘက်မှာဆိုရင်တော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီးတော့ ဒေးဗစ်ဘက်ခမ်ဟာ သူအားအကျရဆုံး စံပြပုဂ္ဂိုလ်ဖြစ်ကြောင်း သိရပြီး မယုံကြည်နိုင်လောက်အောင်ကို ခန့်ငြားတဲ့ အမျိုးသားလို့ ဘက်ခမ်အပေါ် သူက မှတ်ချက်ပြုခဲ့ပါသေးတယ်။ ဘရူနိုင်းဘောလုံးအသင်းတစ်ခုဖြစ်တဲ့ AM Gunners အသင်းမှာ ဘောလုံးသမားအဖြစ်လည်း ပါဝင်ကစားနေပါသေးတယ်။ အားကစားနည်းတော်တော်များများကို နှစ်သက်ပြီး ကိုယ်တိုင်လည်း ကစားလေ့ရှိကြောင်း သိရပြီး လက်ဝှေ့၊ MMA ၊ မွေ့ထိုင်းတို့ကိုတော့ ပိုပြီး နှစ်သက်ကြောင်းလည်း ဆိုပါတယ်။ မလေးရှားဆီးဂိမ်းတုန်းမှာဆိုရင်တော့ ဘရူနိုင်းနိုင်ငံ ကိုယ်စားပြုပြီး ပိုလိုအားကစားနည်းမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
ကိုယ်ပိုင်ရဟတ်ယဉ် ဝယ်ယူထားပြီးတော့ ကိုယ်တိုင်မောင်းနှင်လေ့ရှိပြီး ဂီတဘက်လည်း ဝါသနာထုံသူ ဖြစ်နေတဲ့အပြင် ဂစ်တာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးတတ်နေပါသေးတယ်။ အားလပ်ချိန်တွေမှာတော့ သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်လေ့ရှိပြီး လူမှုပေါင်းသင်းရေးပိုင်း ကောင်းမွန်သူလို့ ဘရူနိုင်းမှာ ကျော်ကြားပါတယ်။ ဒါပေမယ့် မိသားစုက သူ့အပေါ် လွှမ်းမိုးထားနေပြီးတော့ လွန်ဆန်လို့မရတဲ့ ကိစ္စတွေလည်း ရှိကြောင်း သိရပါတယ်။ ဒါကပဲ သူ့ဘဝရဲ့ အားနည်းချက် နည်းနည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်နေလို့ နေပါတော့တယ်။ အကိုတစ်ယောက်၊ အစ်မနှစ်ယောက်နဲ့ ပိုပြီးတော့ ချစ်ခင်မှု ရှိကြောင်း ဝန်ခံခဲ့ပြီးတော့ မိသားစုနဲ့ ကင်းကွာလို့မရပဲ မိသားစုက သူ့ဘဝပေါ်မှာ လွှမ်းမိုးထားမှုရှိကြောင်း မင်းသားက ထုတ်ဖော်ပြောဖူးပါတယ်။
အင်စတာဂရမ်မှာတော့ သူ့ဖခင်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ပုံတွေကို တင်လေ့ရှိပြီး ဖခင်နဲ့အတူတူ သွားလာလှုပ်ရှားမှုတွေ ရှိကြောင်း အားလုံးသိရှိခဲ့ရပါတယ်။ မာန်မာနမရှိသူ၊ မော်ကြွားဝင့်ဝါခြင်းမရှိသူလို့ သတင်းမွှေးနေတဲ့ ဘရူနိုင်း နိုင်ငံက မင်းသားတစ်ပါးကတော့ ချမ်းသာကြွယ်ဝမှုတွေ၊ နေထိုင်မှုပုံစံတွေနဲ့ ကမ္ဘာပေါ်မှာ နာမည်ကျော်ကြားနေပြီးတော့ သူကိုယ်တိုင်လည်း လူအားလုံးရဲ့ ဂရုစိုက်မှု၊ သတိထားမှုတွေအောက်မှာ ဆင်ခြင်ပြီးနေနေရကြောင်း ဖွင့်ဟခဲ့ပါတယ်။ အိမ်ထောင်ပြုခြင်းမရှိသေးပဲ လူပျိုဘဝမှာပဲ ရှိနေသေးတဲ့ ဘရူနိုင်းတော်ဝင်မင်းသား Mateen ကတော့ သူ့ရဲ့ ခန့်ငြားတဲ့ ရုပ်ရည်၊ စမတ်ကျကျ ဝတ်စား ဆင်ယင်တတ်မှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကြောင့် မိန်းကလေးတိုင်းရဲ့ စိတ်ကူးယဉ်ချင်စရာ သတို့သားလောင်းတစ်ယောက် အဖြစ် ရှိနေပါတော့တယ်။
Source : Businessinsider