လာမယ့် ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ အိုပရာ ဝင်းဖရေးဟာ ရွှေကမ္ဘာလုံး ဂုဏ်ထူးဆောင်ဆုတစ်ခုကို လက်ခံရရှိမယ်လို့ သိရပါတယ်။ Ceil B.Demille အမည်ရှိ ဂုဏ်ထူးဆောင်ဆုကို Hollywood Foreign Press Association က ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။
ဝင်းဖရေးဟာ ရွှေကမ္ဘာလုံးဆန်ခါတင်စာရင်းမှာလည်း ပါဝင်ခဲ့ဖူးသူပါ။ သူမရဲ့ The Oprah Winfrey Show ဟာ ဆိုရင်လည်း ၂၅ နှစ်ကြာ ထုတ်လွှင့်ပြသနိုင်ခဲ့တဲ့အတွက် ဆုရရှိခဲ့သေးတယ်။ OWN cable network ရဲ့ CEO နဲ့ ဥက္ကဌတာဝန်ယူထားတဲ့ အမျိုးသမီးစွမ်းဆောင်ရှင်လည်း ဖြစ်ပါတယ်။ ဒီနှစ်ဟာ ဝင်းဖရေးတည်ထောင်ထားတဲ့ The Oprah Winfrey Leadership Academy for Girls ဆယ်နှစ်ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။ တောင်အာဖရိကရှိ မိန်းကလေးတွေပညာရေးအတွက် ပံ့ပိုးကူညီပေးနေတာပါ။
Demille ဆုကို နှစ်စဉ် ပေးအပ်ချီးမြှင့်လေ့ရှိပြီး အနုညာနယ်ပယ်မှာ ကမ္ဘာသိထူးချွန်သူတွေကို ဂုဏ်ပြုပေးအပ်တာပါ။ ဝင်းဖရေးရှေ့မှာ ဂျော့ချ်ကလူနေး၊ ဂျိုဒီ ဖော့စတာ၊ မော်ဂန် ဖရီးမန်း၊ စတီဗင် စပီးဘတ်တို့လည်း ရခဲ့ဖူးပါတယ်။
ကမ္ဘာသိ မီဒီယာခေါင်းဆောင်၊ ပရဟိတသမား၊ ထုတ်လုပ်သူ၊ သရုပ်ဆောင် အလုပ်တွေနဲ့ နာမည်ကျော်ကြားခဲ့တဲ့ ဝင်းဖရေးဟာ ကမ္ဘာတစ်ဝန်းက လူတွေနဲ့ ဆက်သွယ်ခဲ့တာကြောင့် ဒီဆုကို ပေးရခြင်းဖြစ်လို့ HFPA အဖွဲ့က ကြေညာပါတယ်။ အမျိုးသမီးတွေကို ကြံ့ခိုင်သန်မာလာအောင်လည်း ခွန်အားပေးခဲ့သလို အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကြားမှာ role model အဖြစ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ရပ်တည်နေတာကလည်း ဒီဆုကို ပေးအပ်ဖို့ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
Source : Hollywood Reporter