မိန်းကလေးတစ်ယောက်ဟာ ဘယ်လိုမျိုး ပြင်ဆင်ထားပါစေဦးတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘူးဆိုရင် အဲ့ဒီအလှက မပေါ်လွင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးဟာ မိတ်ကပ်တွေလိမ်းမထားရင်တောင် လှနေသူပါ။ ပြီးတော့ အရာရာကို အောင်မြင်နိုင်စွမ်းလည်း ရှိတယ်လေ။ ဒီလိုဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရအောင် ဘယ်လိုတွေလုပ်ကြမလဲ။
ပထမဆုံးအနေနဲ့က ကိုယ့်စိတ်ကို ကိုယ်တိုင် သက်သာရာရအောင်ထားပါ။ တမြည့်မြည့်တိုက်စားနေတဲ့ ပူဆွေးသောကတွေကနေ ရုန်းထွက်ပါ။ အပြစ်တစ်ခုခုလုပ်ပြီးတိုင်း နောင်တတွေနဲ့ မရှင်သန်ပါနဲ့။ သင်ခန်းစာယူပြီးရင် ရှေ့ဆက်လျှောက်နေဖို့လိုတယ်။ ကိုယ့်ကိုပျော်စေမယ့်အရာတွေ၊ စိတ်တည်ငြိမ်စေမယ့်အရာတွေကို ကိုယ်တိုင်အသိဆုံးပဲ မဟုတ်လား။
နောက်တစ်ခုကတော့ ပျင်းရိလေးကန်နေတဲ့ ကိုယ်နေဟန်ထားတွေကို ပြင်ဆင်စေချင်တယ်။ လျော့တိလျော့ရဲ ထိုင်နေတာမျိုး ၊ လမ်းလျှောက်ရင်လည်း လက်ပြင်ကြီးကိုင်း၊ ခေါင်းငုံ့ပြီး တစ်လောကလုံးကို အရှုံးပေးထားသလိုမျိုးတွေ မနေစေချင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် စမတ်ကျကျလေး ထားကြည့်ပါလား။
ကိုယ့်ဘဝ ကိုယ်ဖြစ်ကိုယ်ခံရမယ်ဆိုတဲ့စိတ်လေး မွေးမြူပါ။ ဒါဟာ ဘယ်သူ့ကိုမှ အားမကိုးဖို့ကို ကိုယ်တိုင် သတိပေးတာပါပဲ။ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါ ဘေးလူတွေရဲ့ အပြောတွေကို နားထောင်ပါ။ ဒါပေမဲ့ ဆုံးဖြတ်ချက်ကတော့ ကိုယ့်ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။ ကိုယ်ဖြစ်ကိုယ်ခံရမယ်ဆိုတာ ကောင်းကောင်းလက်ခံထားရင် ကိုယ့်လုပ်ရပ်တွေကိုပါ ထိန်းသိမ်းနိုင်လာမှာပါ ညီမလေးတို့ရေ။ အဲ့ဒီလိုဆိုရင် ညီမလေးဟာ အရှုံးသမားတစ်ယောက်လို အနာဂတ်ပျောက်နေတဲ့လူ ဖြစ်နေတော့မှာ မဟုတ်တော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။