လိမ္မော်သီးဟာ citrus fruit လို့ခေါ်တဲ့ စစ်ထရစ်အက်ဆစ် ပါဝင်မှုများပြားတဲ့ အသီးတစ်လုံးဖြစ်ပြီး ဗိုက်တာမင်စီကြွယ်ဝမှုကြောင့် ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အကျိုးကျေးဇူးအများကြီးကို ပေးစွမ်းနိုင်တယ်လို့ နာမည်ကြီးပါတယ်။ လိမ္မော်သီးစားရင် လူတော်တော်များများက လိမ္မော်ခွံတွေကို လွှင့်ပစ်ကြတာများပါတယ်။ တကယ်တော့ လိမ္မော်ခွံမှာ ပြန်သုံးတတ်ရင် အသုံးဝင်တဲ့အချက်တွေ
အများကြီးရှိပါသေးတယ်။
လိမ္မော်ခွံလက်တစ်ဆုပ်လောက်ရယ်၊ သစ်ကြံပိုးခေါက်ရယ်၊ ဖာလာစေ့တို့ကို ရေမှာရောပြုတ်လိုက်ပါ။ ပြီးရင်ရလာတဲ့ ပြုတ်ရည်ကို အခန်းထဲမှာထားပေးရင် အခန်းထဲက မလိုလားအပ်တဲ့ အနံ့ဆိုးတွေကို ရှင်းလင်းပေးပြီး စိတ်ကိုကြည်လင် လန်းဆန်းစေနိုင်ပါတယ်။ သူ့ရဲ့စူးရှရှအနံ့လေးကို နောက်ပိုင်းကျရင် အကြိုက်တွေ့လာလို့ ကျန်တဲ့ air fresher တွေကိုတောင် သုံးချင်တော့မှာ မဟုတ်ပါဘူး။
ခြင်တွေကိုက်လွန်းလို့ ခြင်ကိုက်ဖုတွေ ဗလပွနဲ့ စိတ်ညစ်နေပြီလား။ လိမ္မော်ခွံနည်းနည်းရှိရင် ပြဿနာပြေလည်သွားပါပြီ။ လိမ္မော်ခွံကို အရည်ညှစ်ပြီး လက်ဖျံတို့၊ လက်မောင်းတို့၊ ဒူးတို့၊ ခြေသလုံးတို့လို ခြင်ကိုက်နိုင်တဲ့ နေရာတွေမှာ သုတ်လိမ်းထားပေးလိုက်မယ်ဆိုရင် ခြင်ကိုက်ဖုတွေ သိသိသာသာကြီး လျော့နည်းသွားတာကို တွေ့ရှိရမှာပါ။

လိမ္မော်ခွံကိုကြိတ်ပြီး ဆံပင်ပေါ်မှာရေနဲ့ရောလိမ်းပေးလိုက်ပါ။ ပြီးရင် ညသိပ်ထားပေးလိုက်ပါ။ မနက်ကျရင် ဗောက်တွေကို ကင်းဝေးစေပြီး ဆံသားတွေ နူးညံ့ပျော့ပြောင်းနေတာကို တွေ့မြင်ရမှာပါ။
လိမ္မော်ခွံကို အခြောက်လှမ်းပြီး ပျားရည်နဲ့ယိုထိုးပြီး ထမင်းစားပြီးတိုင်း စားပေးမယ်ဆိုရင် အစာကြေစေပြီး ဝမ်းချုပ်ရောဂါကို ကာကွယ်နိုင်ပါတယ်။ လေအောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ အော့အန်ခြင်းတို့ကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင် အသည်းကိုပုံမှန် လုပ်ဆောင်နိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။
ပန်းနာရင်ကြပ်သမားတွေ ပန်းနာထနေပြီဆိုရင် လိမ္မော်ခွံကို ရေနွေးနဲ့စိမ်ပြီး သောက်ပေးနိုင်သလို လိမ္မော်ခွံကို ရှူပေးခြင်းဖြင့် ပန်းနာဝေဒနာကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ချွဲသလိပ်ကပ်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။
လိမ္မော်ခွံတွေက သွေးလည်ပတ်မှု ကောင်းမွန်အောင် ထိန်းညှိပေးတဲ့အတွက် သွေးဖိအားကို လျော့နည်းစေနိုင်သလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ တရုတ်ပြည်မှာတော့ လိမ္မော်ခွံကို သွေးတိုးကျဆေးအဖြစ် သုံးလာတာ နှစ်ထောင်နဲ့ချီနေပါပြီ။
လိမ္မော်ခွံကို aroma therapy လို့ခေါ်တဲ့ ရနံ့ကုထုံးအတွက်လည်း သုံးကြပါတယ်။ လိမ္မော်ခွံကြောင့် ခေါင်းကိုက်ရောဂါ၊ စိတ်ပူပင်မှု လွန်ကဲခြင်းရောဂါနဲ့ စိတ်ကျရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Source: Stylecraze
Share