ဖက်ထုပ်ဟာ မြန်မာလူမျိုးတွေနဲ့ စိမ်းတဲ့အစားအစာ တစ်မျိုးတော့ မဟုတ်ပါဘူး။ အပေါ်ယံဂျုံအုပ်ပြီး အတွင်းဋ္ဌာပနာကို ပါဝင်ပစ္စည်းမျိုးစုံ ထည့်သွင်းပြီး ပြုလုပ်ကြတဲ့ အစားအစာတွေထဲမှာ ပေါက်စီ၊ အသားပေါင်းတို့အပြင် ဖက်ထုပ်ကလည်း နာမည်ကြီးပါတယ်။ ယနေ့ဖော်ပြပေးမှာကတော့ ကိုရီးယားစတိုင်လ် ချက်ပြုတ်ထားတဲ့ ကိုရီးယားဖက်ထုပ်ကြော် ပြုလုပ်နည်းလေးပဲ ဖြစ်ပါတယ်။
နုတ်နုတ်စင်းပြီးသား ဝက်သား (၁) ခွက်၊ နုတ်နုတ်စင်းပြီးသား အမဲသား (၂) ခွက်၊ ကြက်သွန်ဖူး နုတ်နုတ်စင်းပြီးသား (၂) ခွက်၊ ရေဆေးပြီးသား Shiitake မှို (၅) ပွင့်ခန့်၊ ကြက်သွန်နီ တစ်ဝက်ခန့်၊ တို့ဟူး (၁/၂) ထုပ်ခန့်၊ ကြက်သွန်ဖြူ (၃) ပွင့်ခန့်၊ ဆား၊ သကြား၊ နှမ်းဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ငံပြာရည်၊ ကြက်ဥ၊ ကြက်သွန်မြိတ်နဲ့ ဖက်ထုပ်လိပ်ဖို့ ရယ်ဒီမိတ်ဂျုံပြား (mandu skin) တို့ပဲ ဖြစ်ပါတယ်။
အရင်ဆုံး ကြက်သားနဲ့ အမဲသား နုတ်နုတ်စင်းထားတာကို ဇလုံအကြီးတစ်လုံးထဲမှာ ရောထည့်ပြီး သမအောင်နယ်ပေးပါ။ ပြီးရင်ဇလုံထဲကို ဆား လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း (၁/၂) ဇွန်းတို့ ထည့်ပေးလိုက်ပြီး လက်နဲ့နယ်ပေးလိုက်ပါ။ ကြက်သွန်ဖူး (asian chives) ကို ရေဆေးပြီးမှ နုတ်နုတ်စင်း ပေးလိုက်ပါ။ (၂) ပန်းကန်စာလောက် ထွက်လာပါလိမ့်မယ်။ အဲဒီ ကြက်သွန်ဖူး (asian chives) ထဲကို ဆီလက်ဖက်ရည် တစ်ဇွန်းစာလောက် ထည့်နယ်ပြီး အသားပန်းကန်ဘေးမှာ ချထားလိုက်ပါ။
Shiitake မှိုနဲ့ ကြက်သွန်နီ တစ်ဝက်စာခန့်ကို နုတ်နုတ်စင်းပြီး ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ထားပေးလိုက်ပါ။ အဲဒီပန်းကန်လုံး ထဲမှာ ငံပြာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာရယ်၊ သကြား (၁) ဇွန်းရယ်၊ နှမ်းဆီ (၂) ဇွန်းရယ်ကိုထည့်လိုက်ပါ။ ပါဝင်ပစ္စည်း အားလုံးကို သမအောင်ရောနယ်ပြီးမှ ခုနကအသားဇလုံထဲကို ပြောင်းထည့်လိုက်ပါ။
တို့ဟူးအထုပ်ဝက်ခန့်ကို သန့်စင်တဲ့ အဝတ်စတစ်ခုထဲမှာ ညှစ်ခြေပြီး လွတ်သွားတဲ့ ပန်းကန်လုံးအသေးထဲကို ထည့်ပေးလိုက်ပါ။ တို့ဟူးပန်းကန်ထဲကို ဆားအနည်းငယ်ရယ်၊ နှမ်းဆီ (၁) ဇွန်းရယ်ထည့်ပြီး လက်နဲ့ပဲ ရောနယ်ပေးလိုက်ပါ။ ပြီးရင် ခုနက ဇလုံအကြီးထဲမှာပဲ ထည့်ပေးလိုက်ပါ။
ဇလုံအကြီးထဲမှာ ပါဝင်ပစ္စည်းတော်တော် စုံနေပါပြီ။ ကြက်သွန်ဖြူ (၃) တောင့်ခန့်ကို ညက်ညက်ကြေအောင်ထောင်းပြီး ထည့်ပေးလိုက်ရင် ဖက်ထုပ်ဋ္ဌာပနာနယ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ ပြီးရင် နှမ်းဆီလေး နည်းနည်းထပ်ဆမ်းပြီး ပါဝင်ပစ္စည်း အားလုံးကို လက်နဲ့ပဲ သမအောင်နယ်ပေးလိုက်ပါ။ ဒါဆိုရင် ဖက်ထုပ်ဋ္ဌာပနာရပါပြီ။
ဖက်ထုပ်ထုပ်ဖို့အတွက် ဂျုံပြားလေးတွေကိုတော့ စူပါမားကက်တွေမှာ ရယ်ဒီမိတ်အထုပ်အဖြစ် ဝယ်လို့ရပါတယ်။ ခုနက ဖက်ထုပ်ဋ္ဌာပနာကို ဖက်ထုပ်ဂျုံပြားရဲ့ အလည်ဗဟိုထဲ ထည့်ပေးလိုက်ပါ။ ဖက်ထုပ်လိပ်ခါနီး လက်ချောင်းထိပ်လေးတွေကို ရေအေးနဲ့စွတ်ပေးလိုက်ပါ။ ဒါမှသာဖက်ထုပ် လိပ်ရတာ ပိုမိုလွယ်ကူစေမှာပါ။
ပြီးရင် ဖက်ထုပ်ဂျုံပြားကို ဋ္ဌာပနာအပေါ်ကို စောင်ခြုံသလိုတင်လိုက်ပြီး အတွန့်လေးတွြေုဖစ်သွားအောင် လက်နဲ့ပဲ ပုံဖော်ပေးလိုက်ပါ။ ဖက်ထုပ်ဂျုံပြားလေးတွေ ကုန်သည်အထိ (သို့) ဋ္ဌာပနာကုန်သည်အထိ ဖက်ထုပ်လေးတွေကို ပြုလုပ်ပေးလိုက်ပါ။
မီးဖိုပေါ်မှာ ဒယ်အိုးပြားတစ်လုံးကိုတင်လိုက်ပြီး ဟင်းသီးဟင်းရွက်ဆီ နည်းနည်းထည့်ပြီး ဆီပူပေးထားလိုက်ပါ။ ပြီးရင်ခုနက သင်ပြုလုပ်ထားတဲ့ ဖက်ထုပ်လေးတွေကို ဆီပူအိုးထဲမှာ ထည့်ကြော်ပေးလိုက်ပါ။ ပြီးရင် မီးအပူချိန်ကို low-medium အပူချိန်ထိ လျှော့ချလိုက်ပြီး ဒယ်အိုးပေါ်ကို အဖုံးအုပ်ထားပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာရင် အဖုံးပြန်ဖွင့်ပြီး ဖက်ထုပ်လေးတွေကို ထက်အောက်လှန်ပေးလိုက်ပါ။
ပြီးရင် အဖုံးပြန်ပိတ်ပြီး မိနစ်အနည်းငယ်ကြာအောင် ထပ်ကြော်ထားလိုက်ပါ။ ဖက်ထုပ်လေးတွေ ရွှေအိုရောင် သမ်းလာပြီဆိုရင် ပန်းကန်ပြားထဲကို လှယ်ထည့်ပေးလိုက်ပါ။ ပြီးတာနဲ့ ဖက်ထုပ်နောက်တစ်သုတ်ကို ကြော်ပေးနိုင်ပါပြီ။ ဖက်ထုပ်အားလုံး ကုန်အောင်ကြော်ပြီရင်တော့ အရသာကောင်းမွန်တဲ့ ကိုရီးယားဖက်ထုပ်ကြော်လေးတွေကို မိမိနှစ်သက်ရာ ဆော့စ်နဲ့အတူ တွဲဖက်စားသုံးနိုင်ပါပြီ။
Source: Maangchi
Share