၂၀၁၇ ခုနှစ်ဟာ အမျိုးသမီးတွေရဲ့နှစ်လို့ ပြောလို့ရတဲ့အထဲမှာ အနုပညာနယ်ပယ်က အဓိက ကဏ္ဍကြီးတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။ ဟောလိဝုဒ်က အမျိုးသမီးသရုပ်ဆောင်တွေရဲ့ #metoo လှုပ်ရှားမှုဟာလည်း ကြီးမားတဲ့ ရိုက်ခတ်မှုဖြစ်ခဲ့တယ်။ အပြုသဘောဆန်တဲ့ အကြောင်းအရာတစ်ခုကို ကြည့်မယ်ဆိုရင်တော့ ၂၀၁၇ ခုနှစ်အတွင်း ပေါ်ပြူလာအဖြစ်ခဲ့ဆုံး ရုပ်ရှင်တွေဟာလည်း အမျိုးသမီးဦးဆောင်တဲ့ ဇာတ်ကားတွေ ဖြစ်နေပြန်ပါတယ်။
The Wrap ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသမီးဇာတ်ကောင်တွေ ဦးဆောင်တဲ့ ရုပ်ရှင်တွေဟာ ၂၀၁၇ ခုနှစ်မှာ အကျိုးအမြတ်အရဆုံး ရုပ်ရှင်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ၁၉၅၈ ခုနှစ်နောက်ပိုင်းမှာ အမေရိကန်နိုင်ငံတွင်း ရုံတင်ပြသငွေ အများဆုံးဝင်ခဲ့တဲ့ အမျိုးသမီးဦးဆောင်တဲ့ ရုပ်ရှင်ကားတွေဖြစ်လာခဲ့ပါတယ်။ နှစ် ၆၀ နီးပါးကြာမှ ပြန်လည်ပေါ်ထွက်လာတဲ့ စံချိန်တစ်ခုပါ။
အဲ့ဒီဇာတ်ကားတွေကတော့ Star Wars: The Last Jedi ၊ Beauty and the Beast နဲ့ Wonder Woman တို့ ဖြစ်ပါတယ်။ The Last Jedi ဇာတ်ကားမှာဆိုရင် ဒေစီ ရစ်ဒလေက ဦးဆောင်ထားသလို Beauty and the Beast မှာလည်း အမ်မာဝပ်ဆန်ကြောင့်ပဲ ကြည့်ရှုသူ ပိုများခဲ့ရတယ်။ အစ္စရေးမင်းသမီး ဂယ်လ် ဂါဒေါ့တ် ဦးဆောင်ထားတဲ့ Wonder Woman ဇာတ်ကားဟာလည်း ဒီဇာတ်ကား ၃ ခုမှာ အပေါက်ဆုံး ဖြစ်ခဲ့တယ်။
၁၉၅၈ ခုနှစ်ကလည်း ဒီလိုစံချိန်မျိုး ရခဲ့သေးတယ်။ အဲ့ဒီတုန်းကလည်း အမျိုးသမီးဦးဆောင်တဲ့ဇာတ်ကား ၃ ခု ဟာ ပြည်တွင်းရုံတင်ပြသရာမှာ အမြတ်အများဆုံးရခဲ့ဖူးတယ်။ မစ်တ်ဇီ ဂေနော် သရုပ်ဆောင်တဲ့ South Pacific ၊ ရိုဆာလင်း ရပ်ဆဲလ် သရုပ်ဆောင်ထားတဲ့ Auntie Mame နဲ့ မင်းသမီးကြီး အဲလိဇဘတ် တေလာရဲ့ Cat on a Hot Tin Roof ဇာတ်ကားတို့ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာလည်း အမျိုးသမီးဇာတ်ကောင်ကို အားပြုရိုက်ကူးထားတဲ့ ဇာတ်ကားတွေ ဆက်လက်ထွက်ရှိလာဦးမှာပါ။
Source : Elle