ထိုင်ဝမ်နိုင်ငံဟာ တရုတ်အမဲသားခေါက်ဆွဲတွေ စတင်ပေါက်ဖွားရာ အရပ်လို့ လူသိများပါတယ်။ လမ်းဘေးဆိုင်မှာ ရောင်းတဲ့ခေါက်ဆွဲပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်ကြီးတွေမှာ ရောင်းတဲ့ခေါက်ဆွဲပဲဖြစ်ဖြစ် အစားအသောက်နဲ့ပတ်သက်လာရင် အကောင်းကြိုက်တဲ့တိုင်းပြည်မှာတော့ ဘယ်ဟင်းလျာကမှ အရသာထပ်တူ မကျပါဘူး။ ဒါကြောင့် ထိုင်ဝမ်နိုင်ငံရဲ့မြို့တော် တိုင်ပေမြို့မှာ ကမ္ဘာ့ဈေးအကြီးဆုံး အမဲသားခေါက်ဆွဲကို ရနိုင်တယ်ဆိုတာကိုသိရရင် အံ့သြမိမယ်မထင်ပါဘူး။
Niu Ba Ba (အမဲသားဖခင်လို့ အဓိပ္ပာယ်ရ) ဆိုတဲ့ ခေါက်ဆွဲဆိုင်လေးဟာ ၁၉၉၀ ခုနှစ်တုန်းက လူတိုင်းတတ်နိုင်လောက်တဲ့ ဈေးနှုန်းနဲံ့ အမဲသားခေါက်ဆွဲတွေကို စတင်ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်ထားသလို အောင်မြင်မှုတော့ မရရှိခဲ့ပါဘူး။ ဒါကြောင့် ဆိုင်ဖွင့်ပြီး (၁၁) ရက်အတွင်းမှာပဲ လုပ်ငန်းပါတနာလုပ်သူက လုပ်ငန်းထဲက နှုတ်ထွက်သွားတဲ့အတွက် Niuy Ba Ba ဆိုင်ပိုင်ရှင် မစ္စတာဝမ် တစ်ယောက်တည်း ဆိုင်ဆက်ဖွင့်နိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ အဲဒီတုန်းကတော့ သူဟာ အမဲသားခေါက်ဆွဲတွေအကြောင်း မသိတဲ့အတွက် ကိုယ်တိုင်ပဲ လေ့လာခဲ့ရပါတယ်။
မစ္စတာဝမ်ဟာ မကြာခက်မှာပဲ သူ့ရဲ့စီးပွားရေးလုပ်ငန်းကို လူတွေစိတ်မဝင်စားကြတာက အထူးထုတ်ကုန်တစ်မျိုး လိုအပ်နေလို့ဆိုတာကို သဘောပေါက်ခဲ့ပြီး သူ့ဆိုင်ရဲ့ဟင်းချက်နည်းတွေကို ပြန်လည်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ သူ့ခေါက်ဆွဲတွေဟာ အထူးဈေးနှုန်းနဲ့ ရောင်းချသင့်တဲ့ အနေအထားရောက်ပြီလို့ သူသဘောပေါက်လာခဲ့ပြီး ခေါက်ဆွဲတစ်ပွဲကို အမေရိကန်ဒေါ်လာ (၂၀)ခန့် ဈေးတင်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းကတော့ ဒီဈေးနှုန်းကတော့ ခေါက်ဆွဲတွေထဲမှာ အမြင့်မားဆုံးဈေးနှုန်းဖြစ်ပါတယ်။ ဒါပေမဲ့ သူမတူအောင် ကွဲပြားတဲ့ အရသာကြောင့် သူ့ဆိုင်မှာ လာရောက်စားသုံးသူတွေဟာ အဲဒီလိုမြင့်မားတဲ့ တန်ဖိုးကို လိုလိုလားလား ပေးချင်ကြပါတယ်။
မစ္စတာဝမ်ဟာ ထင်ရှားတဲ့ဟောင်ကောင် ဒီဂျေတစ်ယောက်နဲ့ စကားပြောမိချိန်မှာ သူ့ကိုဒီထက်ပိုပြီး ရှေ့တိုးဖို့ တွန်းအားပေးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါဒီဂျေက မစ္စတာဝမ်ရဲ့ဆိုင်မှာ ဒေါ်လာ (၁၀၀) တန် ခေါက်ဆွဲတစ်ပွဲသာရှိမယ်ဆိုရင် မှာစားမိမှာပဲလို့ ဆိုခဲ့ပါသတဲ့။ ဒါနဲ့ မစ္စတာဝမ်လည်း သူပိုကောင်းအောင်လုပ်ဖို့ လိုပါလားဆိုတဲ့ အသိဝင်လာခဲ့ပါတယ်။
ဒါနဲ့ပဲ မစ္စတာဝမ်ဟာ ပိုပြီးဈေးကြီးတဲ့ ပါဝင်ပစ္စည်းတွေကို မှာယူခဲ့ပြီး သူ့ရဲ့အမဲသားခေါက်ဆွဲတွေမှာ ထိုင်ဝမ်ကျွန်းဆွယ် တစ်ခုလုံးမှာ အကောင်းဆုံးလို့ အသိအမှတ်ပြုခံရအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ဆိုင်မှာ အမေရိကန်ဒေါ်လာ (၁၀၀) ခန့်တန်ဖိုးရှိတဲ့ ခေါက်ဆွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
မစ္စတာဝမ်ရဲ့ အမဲသားခေါက်ဆွဲခရီးက ဒီလောက်နဲ့ မရပ်တန့်ခဲ့ပါဘူး။ ၂၀၁၁ ခုနှစ်မှာ သူဟာအကောင်းဆုံးဆိုတဲ့ ပါဝင်ပစ္စည်းတွေကိုသုံးပြီး သမ္မတအမဲသားခေါက်ဆွဲဆိုတဲ့ menu တစ်မျိုးကို စတင်ရောင်းချခဲ့ပါတယ်။ သူ့ရဲ့ခေါက်ဆွဲကို တန်ဖိုးဘယ်လောက်သတ်မှတ်ရမယ် ဆိုတာကိုမသိခဲ့တဲ့ မစ္စတာဝမ်ဟာ စားသုံးသူတွေကိုပဲ ဈေးနှုန်းသတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ သူ့ရဲ့သမ္မတအမဲသားခေါက်ဆွဲကို လူကြိုက်အရမ်းများလာခဲ့ပြီး တစ်ပွဲကို အမေရိကန်ဒေါ်လာ (၃၃၀) ခန့် ကျသင့်လာခဲ့ပါတယ်။ အံ့သြဖို့ကောင်းတာ တစ်ခုက ဒီဈေးနှုန်းကို မစ္စတာဝမ် သတ်မှတ်ပေးခဲ့တာမဟုတ်ဘဲ စားသုံးသူတွေကပဲ သတ်မှတ်ပေးခဲ့တာပါပဲ။
တကယ်တော့ ဒီအမဲသားခေါက်ဆွဲဟာ သာမန်ခေါက်ဆွဲပွဲတော့ မဟုတ်ပါဘူး။ ခေါက်ဆွဲတစ်ပွဲချင်းစီမှာ အမဲသား အမျိုးအစားပေါင်း (၄) မျိုးထိ ပါဝင်ပါတယ်။ အမေရိကန် အရိုးထုတ်ပြီးသား အမဲနံရိုးသား၊ သြစတြေးလျ Wagyu အရိုးထုတ်ပြီးသား အမဲနံရိုးသား၊ Augus prime အမဲနံရိုးသားနဲ့ သြစတြေးလျ အမဲရွတ်တို့ ပါဝင်ပစ္စည်းအဖြစ် ပါဝင်ပါတယ်။ နောက်ပြီး ဒီပစ္စည်းတွေကို အိုးထဲဒီတိုင်း ပစ်ထည့်ပြီး ချက်လိုက်တာမဟုတ်ပါဘူး။ ချက်ပြုတ်ပုံ ချက်ပြုတ်နည်းက ပိုပြီးပညာသား ပါပါတယ်။
ဒီအမဲသားခေါက်ဆွဲ ဖြစ်လာဖို့အတွက် တိကျတဲ့အပူချိန်နဲ့ ချက်ပြုတ်မှုကြာချိန်ကို လိုအပ်ပြီး ပါးစပ်ထဲရောက်သွားတာနဲ့ နူးအိပျော်ဆင်းသွားမဲ့ အရသာကို ပေးစွမ်းနိုင်ဖို့ ထူးခြားတဲ့ ချက်ပြုတ်နည်းကိုလည်း သုံးဖို့လိုအပ်ပါတယ်။ တကယ်တော့ ဒီအမဲသားခေါက်ဆွဲ ဈေးကြီးရခြင်းရဲ့ အကြောင်းရင်းက ပါဝင်ပစ္စည်းတွေကြောင့်ဆိုတာထက် နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့တဲ့ သုတေသနနဲ့ ရင်းနှီးခဲ့ရတဲ့ အချိန်တွေ၊ ခွန်အားတွေကြောင့်ပဲ ဖြစ်ပါတယ်။
Source: theculturetrip
Share