ကိုယ်စားဖူးသမျှ အသီးထဲမှာ ဘယ်အသီးက အသေးဆုံးဖြစ်မလဲ စဉ်းစားကြည့်ကြပါလား။

ပန်းသီး၊ ဖရဲသီး၊ ဒူးရင်းသီး၊ စပျစ်သီး အစရှိသဖြင့် အသီးပေါင်းစုံကို စားဖူးကြမှာပေါ့။ ကိုယ်စားဖူးသမျှ အသီးထဲမှာ ဘယ်အသီးက အသေးဆုံးဖြစ်မလဲ စဉ်းစားကြည့်ကြပါလား။ ဆီးသီးလား။ ဘလူးဘယ်ရီသီးလား။ ခရင်မ်ဘယ်ရီသီးလား။ အဲဒီအသီးတွေဟာ ကမ္ဘာ့အသေးဆုံးအသီးနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ ကမ္ဘာ့အသေးဆုံး အသီးဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ သိပ္ပံအခေါ် Wolffia globosa (အာရှရေစာပင်) မြန်မာလိုဆို ဘဲစာပင်ရဲ့အသီးက ရရှိသွားပါတယ်။

 

ဘဲစာပင်ဆိုတာ မြောင်းဘေး၊ ချောင်းဘေး၊ ကန်ဘေးမှာ ဒိုက်တွေကြားမှာ ရောပေါက်နေတတ်တဲ့ အပင်တစ်မျိုးပါ။ ဘဲတွေစားလေ့ရှိတဲ့အတွက် ဘဲစာပင်လို့ခေါ်တာပါ။ ဒီအပင်ဟာ ကမ္ဘာ့အသေးဆုံး အသီးကို ထုတ်လုပ်ပေးသလို ကမ္ဘာ့အသေးဆုံး အပင်လည်း ဖြစ်ပါတယ်။ အကြီးဆုံးအနေအထားမှာတောင်မှ အပင်ဟာ တစ်လက်မရဲ့ (၃) ပုံ (၁) ပုံခန့်သာ ရှိပြီး အသီးဆို အပင်ထက်တောင် ပိုသေးငယ်ပါသေးတယ်။

 

အရွယ်အစားကတော့ (ဝ.၇) မီလီမီတာကနေ (၁.၅) မီလီမီတာကြား ရှိပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အသီးရဲ့ အရွယ်အစားဟာ ပုရွက်ဆိတ် အငယ်စားတစ်ကောင်ခန့်သာ ရှိပါတယ်။ ဒီအသီးကို လက်ထဲမှာကိုင်ထားလိုက်မယ်ဆိုရင် အစိမ်းရောင်အစက်အပြောက်လေးတစ်ခုထက် မပိုနိုင်ပါဘူး။ သေချာတာတစ်ခုကတော့ ဒီအသီးကို ထမင်းစားပြီးစားမဲ့ အချိုပွဲထဲမှာ မထည့်သွင်းချင်ပါဘူး။

 

ဒါပေမဲ့ ဒီလောက်သေးငယ်တဲ့အသီးထဲမှာ အာဟာရတန်ဖိုး ရှိပါ့မလားဆိုပြီး သံသယဖြစ်နေတယ်ဆိုရင်တော့ အဖြေကရက်စ်ပါ။ သေးပေမဲ့ ဒီအသီးလေးထဲမှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ တချို့အရှေ့တောင်အာရှ နိုင်ငံတွေကတော့ ဒီအသီးကို ဖျော်ရည်တွေထဲထည့်ဖျော်တာတို့၊ ကြက်ဥကြော်ထဲထည့်ကြော်တာတို့၊ စွပ်ပြုတ်ထဲထည့်သောက်တာတို့ လုပ်တတ်ကြပါတယ်။ Mental Floss.com ရဲ့ အဆိုအရတော့ သူ့ရဲ့အရသာက မြင်းခွာရွက်နဲ့ နည်းနည်းဆင်ပါတယ်တဲ့။

Source: Reader's Digest

Share

Loading Next Article...
က္က