မိန်းကလေးတစ်ယောက်ဆိုတော့ အရွယ်ရောက်လာလို့ စေ့စပ် လက်ထပ်တဲ့အခါနဲ့ မင်္ဂလာပွဲကျင်းပမယ့်အကြောင်းကို ငယ်တည်းက စိတ်ကူးယဉ်ဖူးကြမှာပဲ။ သတို့သမီးဝတ်စုံ လှလှလေးတွေ၊ အပြင်အဆင်တွေနဲ့ လက်စွပ်ကိုလည်း ဘယ်လိုမျိုးလေး ဝတ်ချင်သလဲဆိုတာ တွေးဖူးကြမယ်။ ကိုယ့်ချစ်သူက ကိုယ့်ကို လက်စွပ်လှလှလေးနဲ့ လက်ထပ်ခွင့်တောင်းလာတဲ့အခါ ဘယ်လိုလက်စွပ်မျိုးကို လိုချင်ပါသလဲ။ ကျောက်မျက်ပညာရှင် Grant Mobley ကတော့ ၂၀၁၈ ခုနှစ်မှာ ခေတ်စားလာမယ့် စေ့စပ်လက်စွပ်ဒီဇိုင်းတွေကို ပြောပြသွားတယ်။
၁။ မီဂန်မာကယ်ရဲ့ ကျောက်သုံးပွင့်ဒီဇိုင်း
ကျောက်မျက် ၃လုံးနဲ့ လက်စွပ်ဒီဇိုင်းဟာ အရင်တည်းက လူကြိုက်များပါတယ်။ အမေရိကန်သရုပ်ဆောင် မီဂန်မာကယ်ကို မင်းသားဟယ်ရီက စေ့စပ်လက်စွပ်အဖြစ်နဲ့ ပေးအပ်လိုက်တဲ့အခါ ပိုပြီးတော့ လူကြိုက်များသွားတယ်။ လက်စွပ်ဒီဇိုင်းကိုလည်း ဟယ်ရီက အကြံပြုခဲ့တာကိုး။ စိန်ပွင့်အကြီးတစ်ပွင့်ကို အလယ်မှာထားပြီး ဘေးမှာ စိန်အသေးနှစ်ပွင့်နဲ့ ရံထားတာမျိုးပါ။ ကျောက်မျက်နဲ့အရောင်ကိုတော့ ကိုယ့်စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။
၂။ စိန်အစစ်
လက်ထပ်ခွင့်တောင်းတဲ့အခါ စိန်အစစ်နဲ့ လုပ်ထားတဲ့ လက်စွပ်ဟာ မိန်းကလေးတိုင်း အသည်းခိုက်အောင် သဘောကျကြပါတယ်။ နှစ်ပေါင်း ရာနဲ့ချီတဲ့ အချိန်ကာလများစွာတည်းက စိန်လက်စွပ်ဟာ မိန်းကလေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့တာပါ။ ဓာတုစိန်တွေနဲ့ စိန်အစစ်က မတူဘူးလေ။
၃။ ဘဲဥပုံ
စိန်ဖြစ်ဖြစ် ကျောက်ဖြစ်ဖြစ် ပုံစံကိုရွေးတဲ့အခါ ဒီနှစ်တော့ ဘဲဥပုံစံဒီဇိုင်းလေးကို ရွေးကြရအောင်ပါ။ သိပ်မကြာသေးခင်ကပဲ ဘဲဥပုံစံ ပုံဖော်ထားတဲ့ ကျောက်မျက်တွေနဲ့ စေ့စပ်လက်စွပ်တွေ ရေပန်းစားလာတယ်။ အဲ့ဒီ ဒီဇိုင်းက ဒီနှစ်ထဲမှာလည်း ဆက်ပြီး လူကြိုက်များနေဦးမှာပါ။ ဘဲဥပုံစံ လက်စွပ်ကို ဘလိတ်လိုက်ဗလီနဲ့ ဆရီနာဝီလျှံတို့ဆီမှာလည်း တွေ့နိုင်တယ်။
၄။ အဝါရောင်စိန်
အရောင်ပါတဲ့စိန်ကို သဘောကျတယ်ဆိုရင်တော့ အဝါရောင်စိန်က ရွေးချယ်ဖို့ အကောင်းဆုံးဖြစ်မယ်လို့ Grant က ပြောတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း စိန်ဝါက ပေါ်ပြူလာဖြစ်လာခဲ့တယ်။ ပြီးတော့ စေ့စပ်လက်စွပ်အဖြစ်လည်း အသုံးပြုလာကြတယ်။ နစ်ကီမီနာ့ဂျ်၊ ကယ်လီ ကလတ်ဆန်၊ ဟေဒီကလမ်းတို့ကလည်း စိန်ဝါကိုကြိုက်သူတွေပါ။
၅။ Rose Gold
ပြီးခဲ့တဲ့နှစ်အတွင်း လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့အရောင်ကို ပြောပါဆိုရင် rose gold အရောင်ကိုပဲ တစ်ညီတစ်ညွတ်တည်း ပြကြမှာပါ။ လက်ဝတ်ရတနာ၊ အဝတ်အစားသာမက အသုံးအဆောင်တွေနဲ့ နည်းပညာပစ္စည်းတွေကိုပါ rose gold အရောင်နဲ့ သုံးခဲ့ကြတယ်လေ။ Grant ကတော့ rose gold အရောင်ကို ရွေးချယ်တာ တကယ်ကောင်းတဲ့စိတ်ကူးပါလို့ ပြောတယ်။
Source : Daily Mail