ကမ္ဘာပေါ်က လူမျိုးအသီးသီးမှာ ကိုယ်ပိုင်ယဉ်ကျေးမှုများစွာ ရှိပါတယ်။ အဲဒီထဲမှာ ကိုယ်ပိုင်အစားအသောက် ယဉ်ကျေးမှုတွေလည်း ပါဝင်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ သြဇာလွှမ်းမိုးမှုဆိုတာ မိမိတို့ရဲ့ယဉ်ကျေးမှုတွေကို တခြားနိုင်ငံ ဘယ်လောက်များများက လိုက်နာလက်ခံ ကျင့်သုံးကြလဲ ဆိုတာနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီနေ့မှာတော့ ကမ္ဘာကိုလွှမ်းမိုးထားနိုင်တဲ့ နိုင်ငံအသီးသီးရဲ့ အစားအသောက်ဆိုင်ရာ ယဉ်ကျေးမှုလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အိန္ဒိယနိုင်ငံသားတွေကတော့ ဟင်းခတ်အမွှေးအကြိုင်တွေကို ကျွမ်းကျင်စွာအသုံးပြုကြပြီး အိန္ဒိယအစားအစာတွေကလည်း အရသာလေးပင်မှုကို ဦးစားပေးပါတယ်။ အရသာရှိတဲ့ ဟင်းတစ်မယ် ရလာဖို့အတွက်ဆိုရင် ဟင်းခတ်အမွှေးအကြိုင်တွေကို အကန့်အသတ်မရှိ သုံးစွဲတတ်ကြပါတယ်။
အိန္ဒိယနိုင်ငံသားတွေဟာ သက်သတ်လွတ်ဟင်းလျာတွေကို အရသာအကောင်းဆုံးဖြစ်အောင် ဖန်တီးစီမံတဲ့နေရာမှာ နိုဗယ်ဆုတောင် ရထိုက်ပါတယ်။ အိန္ဒိယမှာလည်း နယ်မြေအလိုက် ဟင်းချက်ပုံနဲ့ အရသာကွဲပြားမှုတွေ အများကြီးပါပဲ။ အာလူးပူတီ၊ တိုရှည်၊ ဒန်ပေါက်နဲ့ အိန္ဒိယလက်ဖက်ရည်ချိုတို့က ကမ္ဘာမှာထင်ရှားပါတယ်။
ဂရိနိုင်ငံမှာ ခရီးသွားပြီး လှည့်ပတ်စားသောက်တာက ဘဝမှာမမေ့နိုင်စရာ အတွေ့အကြုံတွေကို ရယူလိုက်တာနဲ့ အတူတူပါပဲ။ ပင်လယ်ပြာပြာ၊ ရှေးဟောင်းအဆောက်အဦး အဖြူရောင်ကြီးတွေ၊ သံလွင်သီးပင်တွေ၊ အသားကင်တွေ၊ ဂရိဒိန်ခဲတွေ၊ အရောင်စုံလင်တဲ့ အရွက်သုပ်တွေကတော့ ဂရိကိုသွားရင် ကြုံတွေ့ရမဲ့ အရာတွေပါပဲ။ ဂရိအစားအစာတွေကို တမူထူးစေတဲ့ လျှို့ဝှက်ချက်က ဘာလဲ။
နတ်ဘုရားတွေရဲ့ လက်ဆောင်တစ်မျိုးဖြစ်တဲ့ သံလွင်ဆီပါပဲ။ ဂရိနိုင်ငံရဲ့ သံလွင်ဆီဟာ ဂရိနိုင်ငံကို ကမ္ဘာကသိစေသလို ဂရိနိုင်ငံရဲ့ အရောင်းရဆုံး ထုတ်ကုန်ပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ဂရိနိုင်ငံရဲ့ လူသိအများဆုံး စားသောက်ကုန်တွေကတော့ သံလွင်ဆီ၊ ဟင်းနုနွယ်ဒိန်ခဲမုန့်နဲ့ ဂရိဆင်းဒဝစ်ချ်တို့ပဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကတော့ လမ်းဘေးအစားအစာတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ကြပါတယ်။ အစပ်အရသာနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုနိုင်ကြတဲ့ ထိုင်းနိုင်ငံသားတွေဟာ သံစုံတီးဝိုင်းကြီးတစ်ခုလိုပဲ အရသာမျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်နိုင်ကြပါတယ်။ အချို၊ အစပ်၊ အချဉ်၊ အငန်၊ ကြွပ်ရွမှု၊ အိစက်မှု အစရှိတဲ့ အရသာအားလုံးကို ထိုင်းအစားအစာတွေထဲမှာ ပေါင်းစည်းထားပါတယ်။
ထိုင်းအစားအစာတွေဟာ ကမ္ဘာ့အကောင်းဆုံး အစားအစာတွေထဲမှာလည်း ပါဝင်တယ်လို့ အဆိုရှိကြပါတယ်။ နာမည်ကျော် ထိုင်းအစားအစာတွေကတော့ တုံရမ်းဟင်းချို၊ စွန်တန်ဟင်းချို၊ ယိုးဒယားသင်္ဘောသီးထောင်း၊ ကွေ့တီယိုခေါက်ဆွဲနဲ့ ဖက်ထိုင်းတို့ပဲ ဖြစ်ကြပါတယ်။
တကယ်လို့ ဘဝမှာ အစားအသောက်တစ်မျိုးတည်းကိုပဲ စားရတော့မယ်ဆိုရင် မက္ကစီကိုနိုင်ငံကိုု သွားတာအကောင်းဆုံးပါပဲ။ အမေရိကန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒီနိုင်ငံရဲ့ အစားအစာတွေဟာ မရိုးအီနိုင်လောက်တဲ့ အရသာနဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ Enchiladas တို့ Tacos တို့လို အစားအစာတွေအပြင် မက္ကစီကန်ပန့်ချ်နဲ့ ကော့တေးလ်လေးတွေကလည်း နာမည်ကျော်ကြားပါတယ်။
ဒါ့အပြင် မက္ကစီကန်မှာ ဂရိစတိုင်လ် အရွက်သုပ်၊ အိန္ဒိယအစားအစာတွေ၊ ထိုင်းအစားအစာတွေရဲ့ ပူလောင်မှု အစရှိတာတွေကို မက္ကစီကန်ရိုးရာအတိုင်း ပြန်လည်မွမ်းမံ ပြင်ဆင်ထားတာကိုလည်း တွေ့မြင်ရမှာပါ။ ဒါ့အပြင် မက္ကစီကန်လူမျိုးတွေဟာ ထောပတ်သီး၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ ကြက်သွန်ဖြူ၊ ပဲစေ့နဲ့ ချောကလက်တို့ကို လှိုင်လှိုင်သုံးထားတဲ့ ရိုးရာအစားအစာတွေကိုလည်း ဖန်တီးစီမံ ကြပါသေးတယ်။
အမေရိကန်နိုင်ငံရဲ့ နာမည်အကြီးဆုံး အစားအစာအများစုရဲ့ ရင်းမြစ်ကိုလိုက်လိုက်ရင် တခြားနိုင်ငံက အစားအစာဖြစ်နေတာ များပါတယ်။ ဥပမာ အမေရိကန်မှာ လူစားအများဆုံး ပီဇာဆိုရင် အီတလီအစားအစာ၊ အာလူးချောင်းကြော်ဆိုရင် ဘယ်လ်ဂျီယံ အစားအစာ၊ ဟမ်ဘာဂါဆိုရင် ဂျာမနီဆိုပြီး လေ့လာသိရှိရပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံမှာတော့ အဲဒီအစားအစာတွေကို အဆင့်မြှင့်တင်ပြီး ပိုမိုကောင်းမွန်အောင် ဖန်တီးစီမံလိုက်ကြပါတယ်။ ဒါပေမဲ့ အမေရိကန်ရိုးရာ အစားအစာတွေဖြစ်တဲ့ ခုံးကောင်စွတ်ပြုတ်၊ ကျောက်ကပ်ပိုင်မုန့်တို့ကိုလည်း ချန်ထားလို့ မရပါဘူး။ အမေရိကန်ရဲ့ နာမည်အကျော်ကြားဆုံး အစားအသောက် ယဉ်ကျေးမှုကတော့ ချိစ်ဘာဂါနဲ့ ချောကလက်ကွတ်ကီးတို့ပဲ ဖြစ်ပါတယ်။
Source: CNN
Share