၂၃ ကြိမ်မြောက် Critics' Choice Awards ဆုပေးပွဲကို ဇန်နဝါရီ ၁၁ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ Santa Monica ရှိ Barker Hangar မှာ ကျင်းပသွားခဲ့ပါတယ်။ အပြာရောင် ကတ္တီပါကောဇောရဲ့ လျှောက်လမ်းထက်မှာ အလှဆုံး ဝတ်ဆင်လာကြတဲ့ သူတွေကို ကြည့်ကြည့်ပါဦး။ ၂၀၁၈ ခုနှစ်ကို ဦးဆောင်မယ့် ပွဲတက်ဖက်ရှင်တွေကို လေ့လာနိုင်ဖို့ ဖော်ပြလိုက်တယ်နော်။
Ralph and Russo ဝတ်စုံအဖြူလေးနဲ့ လှနေတဲ့ ဂျိုလီဟာ ဒီပွဲမှာ အလှဆုံးလို့တောင် ပြောရမလားပဲ။ အသက် ၄၂ နှစ် အရွယ် မင်းသမီးဟာ ကျက်သရေရှိတဲ့အလှနဲ့ လှနေခဲ့တယ်။ အပေါ်ပိုင်းမှာ ငှက်မွေးဖွားဖွားတွေနဲ့ တစ်ခြမ်းစောင်းစကတ်လေးက အမြင်ဆန်းပါတယ်။
နှင်းဆီရောင် ဂါဝန်လေးနဲ့ လင်းလက်နေတဲ့ Kaley Cuoco ရဲ့ ဝတ်စုံကလည်း တစ်မျိုးလေး ချစ်စရာကောင်းတယ်။ ငယ်ရွယ်နုပျိုတဲ့ အသွင်မျိုး ဖြစ်စေတယ်လေ။
နောက်ထပ် နှင်းဆီရောင် ဝတ်စုံတစ်စုံလည်း ရှိသေးတယ်။ Rachel Brosnahan ဝတ်လာတာပါ။ အနုစိတ်ဆန်တဲ့ အပွင့်အခက်လေးတွေ စီးကွင့်စ်နဲ့ ကျောက်လေးတွေကို တွေ့ရတယ်။ အပေါ်မှာကတော့ ကြိုးတစ်ချောင်းနဲ့ပါပဲ။
မော်ဒယ်ကြီး ဟေဒီကလမ်းကလည်း တော်တော်လှနေခဲ့တာ။ အဲ့ဒီနေ့က အလှဆုံးဝတ်စုံစာရင်းတွေထဲမှာမှ အလှဆုံး ၃ ယောက်လောက် ထပ်ရွေးရင် ဟေဒီ့ကို ရွေးရမှာပဲ။ အသားရောင်ဝတ်စုံပေါ်မှာ ကျောက်နဲ့ စီးကွင့်စ်တွေ အများကြီး ဖြည့်ထားတယ်။ ခေတ်စားနေတဲ့ ပုခုံးပေါက်လေးကို ရင်ဘက်မှာ V ပုံသဏ္ဍန်စိုက်ဆင်းသွားတာက ခေတ်ဆန်ဆန်နဲ့ လှနေစေတာ။
Wonder Woman မင်းသမီး Gal Gadot ကတော့ metallic ဂါဝန်လေးနဲ့ ပြိုးပြိုးပြက်ပြက် တောက်ပနေခဲ့တယ်။ ဒီဆုပေးပွဲမှာ သူက ဆုတက်ယူပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ သာတူညီမျှရေးအတွက်ကိုပါ စင်ပေါ်မှာ ပြောသွားခဲ့ပါသေးတယ်။
အဆိုတော် Mary J Blige ရဲ့ ရောင်စုံဂါဝန်က ကျောက်မျက်ရတနာတွေ စီခြယ်ထားသလိုမျိုး မျက်စိထဲမှာ ကြည့်ကောင်းနေတာ။ သူနဲ့လည်း တော်တော်လေး လိုက်ဖက်တယ်။
အစိမ်းရင့်ရင့်အရောင် လက်ပြတ်ဂါဝန်ရှည်က အရှေ့မှာ ပေါင်လယ်ထိ တိုပြီး အနောက်ဘက်ကို အမြီးလိုမျိုး ကားသွားတာ။ အမွေးဖွားဖွားလေးတွေနဲ့ဆိုတော့ အမြင်လည်းဆန်းတယ်။
Photo : The Sun