ဥရောပတိုက်သားတွေအတွက် ကမ္ဘာသစ်လို့ ညွှန်းဆိုခြင်းခံခဲ့ရတဲ့ အိန္ဒိယတိုက်ငယ်ကို ပထမဦးဆုံး ရှာဖွေတွေ့ရှိသူတွေဟာ ပေါ်တူဂီလူမျိုးတွေဖြစ်ပြီး ကမ္ဘာစစ်ကြီးတွေ မတိုင်ခင်တုန်းက ကမ္ဘာ့ရေပိုက်နက်ကို ပေါ်တူဂီလူမျိုးတွေ သိမ်းပိုက်စိုးမိုးခဲ့ကြတာပါ။ ဒါကြောင့် ပေါ်တူဂီနိုင်ငံမှာ ပင်လယ်နဲ့ဆိုင်တဲ့ လုပ်ငန်းတွေ အားကောင်းတာ ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်မှုမှာ ပေါ်တူဂီကမ်းခြေတွေက ထိပ်ဆုံးမှာရှိပါတယ်။ ကုန်းမကြီးနဲ့ Azores ကျွန်းဆွယ်၊ Madeira ကျွန်းစုတို့ကြားမှာ သဲသောင်ခုံတွေ၊ ကျောက်ဆောင်တွေနဲ့ ပြည့်နှက်နေတဲ့ သာယာလှပတဲ့ ကမ်းခြေလေးတွေ အများကြီးရှိပါတယ်။
ပေါ်တူဂီနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံးလည်းဖြစ်တဲ့၊ ကမ္ဘာတလွှားက Landscape ဓာတ်ပုံဆရာတွေရဲ့ အာရုံစိုက်မှုကိုလည်း ရရှိထားတဲ့ ပင်လယ်လှိုဏ်ဂူတစ်ခုဖြစ်တဲ့ Praia de Benagil ဟာ Carvoeiro ဒေသနားမှာ တည်ရှိတဲ့ Benagil လို့ခေါ်တဲ့ ငါးဖမ်းရွာလေးတစ်ရွာမှာ တည်ရှိပါတယ်။ Algar de Benagil ဟာ နယ်ခံကမ်းခြေထဲမှာ အဓိကဆွဲဆောင်မှု တစ်ခုဖြစ်ပြီး ရေလမ်းကနေပဲ လာလို့ရပါတယ်။
Praia de Benagil ကမ်းခြေမှာ နာမည်ကျော်ပင်လယ်လှိုဏ်ဂူအပြင် ဝန်းကျင်တခွင်မှာ အတိတ်ဆိတ်ဆုံးနဲ့ အအေးချမ်းဆုံး ပတ်ဝန်းကျင်တစ်ခုလည်း တည်ရှိပါသေးတယ်။ တောင်စွယ်တွေ၊ သန္တာကျောက်တန်းတွေ ခြံရံထားတဲ့အပြင် လှပတဲ့ ရှုခင်းရှုကွက်တွေနဲ့လည်း ဝန်းရံထားပါတယ်။
Lagoa ဒေသမှာတည်ရှိတဲ့ Prais da Marinha ကမ်းခြေကတော့ အရောင်စုံကမ်းပါးချောက်တွေ၊ ပျော့ပြောင်းတဲ့ သဲသောင်ပြင်တွေနဲ့ ဝန်းရံထားတဲ့ ရင်သပ်ရှုမောဖွယ် ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ဒီဒေသဟာလည်း တိတ်ဆိတ်ပြီး လူသွားလူလာနည်းတဲ့ အရပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကားနဲ့တဆင့်စီးပြီး တောင်ပေါ်ကိုခြေလျင် တစ်ခါထပ်လျှောက်ရသေးလို့ပါပဲ။ ဒီကမ်းခြေကို သွားလည်မယ် ဆိုရင်တော့ နေလောင်ခံခရင်မ်တွေ၊ ဘီကီနီတွေအပြင် ရေငုပ်ဝတ်စုံတွေကိုလည်း ဆောင်ခဲ့သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Prais da Marinha ကမ်းခြေမှာ ပေါ်တူဂီနိုင်ငံမှာ အလှပဆုံးနဲ့ အတည်ငြိမ်ဆုံး ရေပြင်ကို ပိုင်ဆိုင်ထားလို့ပါပဲ။
ကမ္ဘာလှည့်ခရီးသည်တွေအတွက် သွားရလွယ်လို့ ထင်ရှားတဲ့နေရာကတော့ Portimão ဒေသက Praia da Rocha ကမ်းခြေပါပဲ။ ကမ်းခြေက လှပပြီး ကြီးမားကျယ်ပြန့်ရုံတင်မကဘဲ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ အရက်ဘားတွေ၊ ကော်ဖီဆိုင်တွေနဲ့လည်း နီးပါတယ်။ ခရီးသွားဘလော့ဂါတွေရဲ့ အဆိုအရဆိုရင် Praia da Rocha ကမ်းခြေကို Algarve ဒေသရဲ့ အလှပဆုံး ကမ်းခြေ အပန်းဖြေစခန်းလို့ သတ်မှတ်ထားပါသတဲ့။
ပေါ်တူဂီနိုင်ငံ အလည်ပိုင်းက Praia da Nazaré ကမ်းခြေဟာ လှိုင်းစီးလို့ကောင်းတဲ့ ဒေသတစ်ခုဖြစ်ပြီး စွန့်စားခန်းတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ခုံမင်သူတွေအတွက် အကောင်းဆုံးဒေသ တစ်ခုဖြစ်ပါတယ်။ ကြီးမားတဲ့လှိုင်းလုံးကြီးတွေရှိပြီး surfer (အလှပြလှိုင်းစီးသမား) တွေအတွက် အကောင်းဆုံးလှိုင်းတွေ ဒီကမ်းခြေမှာ ရှိပါတယ်။ ပုံမှန်ရေကူးချင်သူတွေကတော့ သတိနဲ့ကူးသင့်ပါတယ်။ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ နွေဦးရာသီနဲ့ ဆောင်းဦးရာသီဖြစ်ပါတယ်။
အဲဒီအချိန်တွေဟာ လူအရမ်းမရှုပ်သလို ရာသီဥတုကလည်း သာယာလှပနေတဲ့ အချိန်လေးပါ။ ကမ်းခြေက သာယာလှပသလို လတ်ဆတ်ပြီး အရသာရှိတဲ့ ပင်လယ်စာတွေကို ပေါ်တူဂီဟင်းချက်နည်းနဲ့ ချက်ပြုတ်ထားတာကို မြည်းစမ်းကြည့်နိုင်မဲ့ အခွင့်အရေးကိုလည်း ရရှိဦးမှာပါ။
Source: theculturetrip
Share