ပုစွန်ကို ဒီတိုင်းချက်စားရတာ၊ တန်ပူရာလုပ်စားရတာ ရိုးအီလာသလိုပဲ။ ပုံမှန်အတိုင်း အစပ်ချက်၊ အချိုချက်ပြီး အသီးအရွက်တွေထဲ ရောပြီး ချက်စားရတာလည်း မစားချင်တော့ဘူး။ တန်ပူရာကြော်ကလည်း စားရတာ အီသွားပြီ။ ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင်ကို ပုစွန်ကို အုန်းသီးနဲ့ ကြော်စားကြည့်ကြမယ်လေ။ ပုစွန်တန်ပူရာလုပ်သလိုပဲ လုပ်ရတာဖြစ်ပြီး အုန်းသီးအပိုပါလာတာလေးပဲ ကွာသွားတယ်။ အစားတလိုင်းသွား ဘော်ဘော်တို့အတွက် ပုစွန်အုန်းသီးကြော်နည်းလေး ပြောလိုက်တယ်နော်။ အားလပ်ရက်မှာ ကိုယ်တိုင်ပြုလုပ်ပြီး စားကြည့်ပါဦး။
ပါဝင်ပစ္စည်းများ
ပုစွန် - အကောင်ကြီးကြီး (၁၂)ကောင်ခန့်
အုန်းသီးခြစ်ပြီးသား - အနည်းငယ်
ကြက်ဥ - ၁လုံး
အရသာမှုန့်
ဆီ - အနည်းငယ်
အြေက်ာမှုန့် - အနည်းငယ်
ပြုလုပ်နည်း
ပထမဦးဆုံးအနေနဲ့ ပုစွန်ကို ရေစင်ကြယ်အောင် ဆေးကြောပေးပါ။ ရေဆေးကြောပေးပြီးရင်တော့ အရသာမှုန့်နဲ့ နယ်ပြီး နှပ်ပေးထားရပါမယ်။ ပုစွန်နှပ်ပြီး ၁၀ မိနစ်လောက်နေရင်တော့ အကြော်မှုန့် (သို့) မုန့်ကြွပ်မှုန့်ကို ပန်းကန်လွတ်တစ်ခုထဲ ထည့်ပြီး ပုစွန်ကို အကြော်မှုန့်ပန်းကန်ထဲ ထည့်ပေးပါ။
ပြီးရင် ကြက်ဥကို ခလောက်ပေးပါ။ ကြက်ဥအနှစ်တွေ ပျောက်သည်အထိကို ကျေညက်နေအောင် ခလောက်ပေးပါ။ အရမ်းကြီး ပျစ်မသွားအောင် ရေလေးနည်းနည်းရောပေးရင်လည်း ရပါတယ်။ အများကြီးရောရင်လည်း ကျဲသွားတတ်တာမို့ ရေရောမယ်ဆိုရင်တော့ ဂရုစိုက်ဖို့ လိုပါတယ်။
ပြီးရင်တော့ ပုစွန်ကို ကြက်ဥထဲ နှစ်ပြီး စိမ်ပေးရပါမယ်။ စိမ်ပေးပြီးတဲ့အခါမှာ အုန်းသီးခြစ်ထားတာကို ယူပြီးတော့ ပုစွန်ကို အုန်းသီးနဲ့ လူးပေးပြီး ဗန်းတစ်ခုထဲမှာ စီထားပေးရပါမယ်။ ပုစွန် (၁၂)ကောင်လုံး ပြုလုပ်ပြီးတဲ့အခါမှာ ပုစွန်ကို စကြော်လို့ရပါပြီ။
ကြော်တဲ့အခါမှာ မီးကို အလယ်အလတ်လောက်ပဲ ထားပါ။ ပုစွန်က အကျက်မြန်တဲ့အတွက် အချိန်ကြာရင် တူးသွားတတ်ပါတယ်။ အဲဒါတော့ ဂရုစိုက်ပေးရပါမယ်။
အကျက်ညီဖို့အတွက် ဟိုဘက်ဒီဘက် လှန်လှောပေးပြီး ရွှေရောင်သမ်းလာပြီဆိုရင် ပုစွန်အုန်းသီးကြော်ရပါပြီ။ မိမိ နှစ်သက်ရာ အချဉ်နဲ့ ပုစွန်အုန်းသီးကြော်ကို တွဲဖက်စားသုံးလို့ ရပါပြီ။