ဒီဝက်ခြေထောက်ပေါင်းနည်းက အခြားဝက်ခြေထောက်ပေါင်းနည်းတွေနဲ့ မတူသလို ပါဝင်ပစ္စည်း သုံးစွဲပုံကလည်း မတူညီပါဘူး။ ပိုမိုပြီးတော့ သန့်ရှင်းဖို့ အားစိုက်ထားသလို စားတဲ့အခါမှာ စိတ်ရှင်းရှင်းနဲ့ စားသုံးနိုင်ဖို့ အထူးပြုချက်ပြုတ်ဖို့ ပြင်ဆင်ထားတာပါ။ ပြုလုပ်ရတာ အချိန်ပေးရပြီးတော့ အချိန်ပေးရတာနဲ့ တန်အောင်လည်း အရသာရှိရှိနဲ့ စားသုံးနိုင်တာမို့ တန်တယ်လို့ ပြောရမှာပါပဲ။ ဝက်ခြေထောက်ကို အိတ်ထဲထည့်ပြုတ်တဲ့အတွက် အနည်းငယ်ထူးခြားသလို ပါဝင်ပစ္စည်းတွေ ဝက်ခြေထောက်ထဲ စိမ့်ဝင်နေတာမို့ အရသာကတော့ တကယ့်ရှယ်ပဲဆိုတာ မပြောပဲနဲ့ သိနိုင်ပါလိမ့်မယ်။ ပြောနေရင် ကြာတာမို့လို့ ဘယ်လိုများ ပေါင်းရသလဲ ခုပဲ ကြည့်လိုက်ပါတော့။
ဝက်ခြေထောက် - ၁ ချောင်း
ရေ - ၁၀ ခွက်
ပဲငံပြာရည် - လက်ဖက်ရည်ဇွန်း (၂)ဇွန်း
ပဲငံပြာရည် - ၁/၃ ခွက်
သကြားအညို - ၁/၄ ခွက်
ဆား - စားပွဲတင်ဇွန်း (၁) ဇွန်း
ဂျင်း - အနည်းငယ် (ပါးပါးလှီးပေးထားပါ)
ကြက်သွန်မြိတ် - ၃ပင် (ပါးပါးလှီးပေးထားပါ)
နှမ်းဆီ - လက်ဖက်ရည်ဇွန်းဝက်ခန့်
ပန်းသီး - ၁ လုံး (အတုံးလေးတွေလှီးပေးထားပါ)
ဆီးသီးခြောက် - ၈ လုံး
ကြက်သွန်ဖြူ - ၈ မွှာ (လှီးပေးထားပါ)
ချင်း - အနည်းငယ် (လှီးပေးထားပါ)
ကြက်သွန်နီ - ခပ်လတ်လတ် (၁) လုံး (လှီးပေးထားပါ)
ငရုတ်သီးခြောက် - ၇ တောင့်
ကြက်သွန်မြိတ် - ၅ ပင် ( ၂လက်မခစီခန့် လှီးပေးပါ)
စမုန်စပါး - အနည်းငယ်
သစ်ကြံပိုးခေါက် - (၁) ချောင်း
ကော်ဖီမှုန့် - စားပွဲတင်ဇွန်း (၁) ဇွန်း
ဝက်ခြေထောက်ကို ရေနဲ့ စင်ကြယ်အောင် ဆေးကြောပေးပါ။ အကြိမ်များများဆေးနိုင်လေ ကောင်းလေပါပဲ။ ဆေးကြောပြီးတဲ့အခါမှာတော့ ရေအေးအေးလေးထဲမှာ စိမ်ပြီး ရေခဲသေတ္တာထဲမှာ (၁၂) နာရီခန့် ထားပေးရပါမယ်။
ဝက်ခြေထောက်ကို နှပ်ပေးပြီးပြီဆိုရင်တော့ ရေခဲသေတ္တာထဲက ထုတ်ယူပြီး အပေါ်မှာခဲနေတဲ့ ရေခဲတွေကို အားစိုက်ပြီး လက်နှစ်ဖက်နဲ့ ဖယ်ထုတ်ပေးပါ။ ရေစိမ်ပြီးတော့ ရေခဲအရည်ပျော်တာကို မစောင့်ပါနဲ့။ ရေခဲကို အားစိုက်ပြီး ဖယ်တဲ့အခါမှာ ဝက်ခြေထောက်မှာ ရှိနေတဲ့ သွေးတွေက ရေခဲမှာ ကပ်ပါသွားပြီးတော့ ဝက်ခြေထောက်က ပိုမို သန့်ရှင်းသွားလည်း ဖြစ်ပါတယ်။ သွေးစတွေပြောင်နေတယ်ဆိုရင်တော့ ရေဆေးပေးလို့ ရပါတယ်။
ပြီးရင် ဘလိတ်ဓား (သို့) ဂျုတ်ကို အသုံးပြု ဝက်ခြေထောက်မှ အမွှေးများကို ရိတ်သိမ်းပေးပါ။ ဝက်ခြေထောက်မှာ အမွှေးတွေ ပြောင်စင်သွားပြီ၊ သန့်ရှင်းသွားပြီဆိုရင်တော့ အိုးတစ်လုံးထဲကို ရေအပြည့်ထည့်ပြီး (ရေ ၆ ခွက်ခန့် ဆန့်သည့်အိုးဆို ပိုအဆင်ပြေ) ဂျင်း အနည်းငယ်ထည့်ကာ မိနစ် (၂၀) ခန့် ပြုတ်ပေးပါ။ မီးအားကိုတော့ အလယ်အလတ်လောက်ပဲ ထားပေးရပါမယ်။
မိနစ် (၂၀) ပြည့်သွားရင်တော့ ဝက်ခြေထောက်ကို ရေအေးအေးနဲ့ ထပ်မံဆေးကြောပေးရပါမယ်။ ဒါဆိုရင် ဝက်ခြေထောက်ဟာ ပိုမိုပြီးတော့ သန့်ရှင်းသွားမှာလည်းဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဝက်ခြေထောက်ကို အိတ်ထဲထည့်ပြီး ပေါင်းပါတော့မယ်။ ပေါင်းဖို့အတွက် အိတ်လေးတွေကိုတော့ စတိုးဆိုင်၊ မီနီမားကတ်တွေမှာ ဝယ်ယူလို့ရနိုင်ပါတယ်။ ဝက်ခြေထောက်ပေါင်းဖို့အတွက်တော့ ရေ (၁၀) ခွက်ခန့် ထည့်ပြီး ပဲငံပြာရည်၊ သကြားအညို၊ ဆားတို့ကိုပါ ထည့်ပေးပါ။ ဝက်ခြေထောက်ကိုတော့ အိတ်အတွင်းထည့်ပီး အိတ်ထဲပေါင်းဖို့အတွက် ပါဝင်ပစ္စည်းတွေနဲ့ ရောနှောထည့်သွင်းပြီး အိတ်ဝကို ချည်ပေးရပါမယ်။
အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ မီးအားပြင်းပြင်းနဲ့ တစ်နာရီခန့် ပေါင်းပေးပါ။ ဝက်ခြေထောက်အိတ်ကို အထက်အောက် လှန်ပေးဖို့အတွက် သစ်သားဇွန်းကို အသုံးပြုပြီး လုပ်ပေးပါ။ တစ်နာရီခန့်ရှိပြီဆိုရင် မီးအားကို လျှော့ချလိုက်ကာ နောက်ထပ် (၁) နာရီ ထပ်ပေါင်းပေးရပါ့မယ်။ နောက်ထပ် တစ်နာရီပြည့်တဲ့အခါမှာတော့ အိတ်ကို ဖြည်ချပြီး ဝက်သားနူးမနူး စမ်းသပ်ကြည့်ပေးပါ။ ဝက်သားနူးသွားပြီဆိုရင်တော့ ရပါပြီ။ မနူးသေးရင်တော့ ရေအနည်းငယ်ထပ်ဖြည့်ပြီးတော့ ထပ်ပေါင်းပေးရပါမယ်။
ဝက်သားအိုးရသွားတဲ့အခါမှာတော့ မိမိနှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ပြီး သုံးဆောင်လို့ရပါပြီ။ ဝက်ခြေထောက်နူးအိနေတဲ့အခါမှာ အရိုးကို ဖယ်ထုတ်ပြီး ဝက်ခြေထောက်ကို အကွင်းလိုက်ပုံစံလေးတွေ လှီးဖြတ်ပြီး စားချင့်စဖွယ်ပြင်ဆင်ပေးကာ စားသုံးရုံပါပဲ။ ဆလတ်ရွက်ထဲ ထည့်ကာ စားသုံးရင်တော့ တကယ့်ကို အရသာနဲ့ ပြည့်စုံတာမို့ ဝက်ခြေထောက်ပေါင်းလေးကို မြိန်ရေယှက်ရေ သုံးဆောင်လိုက်ပါတော့။
Source : maangchi
Share