ထုတ်လုပ်သူ ဒေါက်တာလုခ်နဲ့ ကာလရှည်ကြာ အမှုရင်ဆိုင်ပြီး စိတ်ဓာတ်တွေကျနေခဲ့တဲ့ အဆိုတော် Kesha ဟာ ခုဆို အနုပညာအလုပ်တွေလည်း ပြန်စနေပါပြီ။ သူမကို စော်ကားခဲ့တဲ့ ဒေါက်တာလုခ်ကို Kesha က တရားစွဲဆိုခဲ့ရမှာ ရလဒ်တွေကလည်း မကောင်းခဲ့ပြန်ဘူး။ စိတ်ဓာတ်တွေအကြီးအကျယ်ကျခဲ့ရတဲ့ Kesha ကို အနုပညာအသိုင်းအဝိုင်းနဲ့ ပရိသတ်တွေက အားပေးခဲ့ကြတယ်။ သူမရဲ့ဖြစ်ရပ်ဟာ လက်ရှိကာလမှာ အမျိုးသမီးတွေ အင်တိုက်အားတိုက် လှုပ်ရှားနေကြတဲ့ #MeToo လှုပ်ရှားမှုနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
ဒါကြောင့်မို့လို့ တနင်္ဂနွေညမှာ ပြုလုပ်မယ့် ဂရမ်မီဆုပေးပွဲမှာ Kesha က ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။ Praying ဆိုတဲ့သီချင်းကို သီဆိုမှာပါ။ အဲ့ဒီသီချင်းဟာ ဘေးဒုက္ခဆိုးတွေကို ကျော်လွန်ပြီး ကြံ့ကြံ့ခိုင် ရပ်တည်နေတဲ့အကြောင်းကို ရေးထားတာ ဖြစ်ပါတယ်။ #MeToo လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသဖို့အတွက် Kesha ကို သီချင်းဆိုခိုင်းရတာဖြစ်တယ်လို့ ဂရမ်မီဆု ပရိုဂျူဆာက ပြောပါတယ်။
Kesha အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သူဘယ်လိုတွေဖြစ်ခဲ့ရတယ်ဆိုတာကို ဒီတင်ဆက်မှုမှာ ထင်ဟပ်နေအောင် ဖျော်ဖြေလိမ့်မယ်လို့ ဂရမ်မီဆုပေးပွဲအစီအစဉ်ထုတ်လုပ်တင်ဆက်မယ့် ပရိုဂျူဆာ Ken Ehrlich က ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထွက်ရှိခဲ့တဲ့ Kesha ရဲ့ Rainbow အယ်လ်ဘမ်ဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် ထွက်ရှိလာတဲ့ အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။
လူမှုကွန်ရက်အသုံးပြုသူ အမျိုးသမီးတွေဟာ #MeToo စာသားနဲ့အတူ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုကို ဆန့်ကျင်ကြောင်း ရေးသားနေကြပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလတုန်းက စတင်လိုက်တဲ့ Time's Up လှုပ်ရှားမှုဟာဆိုရင်လည်း အလုပ်ထဲမှာ စော်ကားနှောင့်ယှက်မှုတွေ၊ ကျားမ တန်းတူညီမျှမှုမရှိခြင်းတွေကို အဆုံးသတ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာပါ။ ဂရမ်မီဆုပေးပွဲမှာ Praying သီချင်းအပြင် Kesha က ကြေညာချက်တစ်ခုခုကိုလည်း ဖော်ပြသွားဖို့ရှိနေပါတယ်။
Source : Glamour