ဒီမှိုဟင်းရည်ကတော့ အရင်ချက်စားနေကျ မှိုဟင်းတွေနဲ့ ကွဲပြားနေပြီး အရသာကလည်း မတူပါဘူး။ မှိုအမျိုးမျိုးကို ရောနှောပြီး ချက်လို့ရသလို မိမိနှစ်သက်တဲ့ မှိုတစ်မျိုးတည်းကိုပဲလည်း ချက်ပြုတ်လို့ရပါတယ်။ အမဲသားထည့်သွင်းခြင်းဖြင့် ဟင်းအရသာက ပိုကောင်းသွားသလို မှိုတွေကြားထဲက အသားပြုတ်လေးကို စားရတဲ့ အရသာကလည်း နူးနူးညံ့ညံ့လေးနဲ့ တကယ်ထူးခြားပါတယ်။ ပါဝင်ပစ္စည်းအချိုးအစားအရဆိုရင်တော့ လူ (၄) ယောက်လောက် စားသုံးလို့ရပြီး ဟင်းတစ်မျိုးတည်းနဲ့ ဟင်း(၂) မျိုး စားရသလို ခံစားရမှာပါ။ ဒါဆိုရင် မှိုဟင်းရည် ချက်ပြုတ်နည်းလေးကို ကြည့်လိုက်ပါဦး အရသာချစ်သူတို့။
မှို - ၁ ပေါင် (သန့်ရှင်းစွာဆေးကြောပြီး အလျားလိုက်လှီးဖြတ်ပေးပါ)
အမဲရင်ပုံသား - ၈ အောင်စ (အတုံးသေးသေးလေးများ တုံးပေးပါ)
ငရုတ်ကောင်း - အနည်းငယ်
နှမ်းဆီ - လက်ဖက်ရည်ဇွန်း (၂)ဇွန်း
ကြက်သွန်နီ - ၁ လုံး
ကြက်သွန်ဖြူ - ၄မွှာ
မုန်လာဥနီ - အနည်းငယ်
ဆန်မှုန့် - ၁/၂ ခွက်
နှမ်းစေ့ - ၁/၂ခွက်ခန့်
ကြက်သွန်မြိတ် - ၃ ပင် (၂လက်မခန့်ဆီ လှီးဖြတ်ပေးပါ)
ငါးငံပြာရည် - စားပွဲတင်ဇွန်း (၁) ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း (၁)ဇွန်း
ငရုတ်ကောင်းမှုန့် (တကယ်ဆို အစေ့ကို ထောင်းရမှာပါ။ ဒါပေမယ့် အလုပ်များနေမှစိုးလို့ အမှုန့်ပဲ သုံးလိုက်ပါတယ်။)၊ ဆန်မှုန့်တို့ကို ဇလုံတစ်ခုထဲသို့ ရေ ခွက်ဝက်ခန့်နှင့် အတူထည့်ပြီးတော့ သမသွားအောင် မွှေပေးပါ။
ဒယ်အိုးအကြီးတစ်ခုအတွင်းသို့ နှမ်းဆီ၊ အမဲသား၊ ကြက်သွန်ဖြူနုတ်နုတ်စင်းထားတာကို ထည့်ပေးပြီး (၂) မိနစ်၊ (၃) မိနစ်ခန့်ထားပေးပါ။ သစ်သားဇွန်းနဲ့လည်း မွှေပေးရပါမယ်။ အမဲသားအရောင်လေး ပြောင်းသွားရင် ရပါပြီ။
ပြီးရင်တော့ ရေလေးခွက်၊ မှို၊ ကြက်သွန်မထူမပါးလှီးထားတာ နဲ့ မုန်လာဥနီတို့ကို ရောထည့်ပေးပါ။ မီးအားကို အလယ်အလတ်ထားပြီးတော့ (၁၅)မိနစ်ခန့်အထိ ထားပေးရပါမယ်။
(၁၅) မိနစ်ခန့် အကြာမှာတော့ အိုးအဖုံးကို ဖွင့်ပြီး မွှေပေးပါ။ မီးအားကို အနည်းငယ်ထပ်မံလျှော့ပြီး နောက်ထပ် (၁၅) မိနစ်ခန့် ထားပေးရပါမယ်။
ငါးငံပြာရည်၊ ငရုတ်ကောင်းမှုန့်နဲ့ဆန်မှုန့် ရောမွှေထားတဲ့အရည်ကို အိုးအတွင်းလောင်းထည့်ပေးပါ။ ဟင်းရည်ပျစ်လာပြီးတော့ အနံ့လေးမွှေးလာရင်တော့ မီးအားကို အမြင့်ဆုံးထားပေးပြီး တစ်မိနစ်ခန့်ပဲ ထားပေးလိုက်ပါ။
ပြီးရင်တော့ ဇွန်းနဲ့အတန်ကြာမွှေပေးပြီး ကြက်သွန်မြိတ်လှီးထားတာကို အပေါ်မှဖြူးပေးပါ။ မီးကို လုံးဝပိတ်လိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ အရသာနဲ့ပြည့်စုံပြီး မွှေးကြိုင်နေတဲ့ အမဲသားမှိုဟင်းရည်လေး ရပါပြီ။
Source : maangchi
Share