ရိုးရိုးရှင်းရှင်းလေးနဲ့ အရသာရှိတဲ့ အစားအသောက်ကို ချက်ပြုတ်ချင်သူတွေအတွက်တော့ ဒီဟင်းချက်နည်းက အသင့်တော်ဆုံးပါပဲ။ ပဲပင်ပေါက်ကို သန့်ရှင်းရတာ စိတ်မရှည်ချင်သူတွေအတွက်တော့ နည်းနည်းလေး လုပ်ရတာ လက်ဝင်ပါလိမ့်မယ်။ ဒါပေမယ့် ရေအထပ်ထပ်ဆေးပေးပြီး လှုပ်ခါပေးရင် ပဲပင်ပေါ်က အနက်ရောင်အပိုင်းက အလွယ်တကူနဲ့ ပြုတ်သွားပြီးတော့ ချွေပေးတဲ့အခါမှာလည်း မြန်ဆန်သွားပါလိမ့်မယ်။ စားရတာ တကယ်အရသာရှိတာမို့ ပြုလုပ်ပြီး စားသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အမြဲတမ်းမဟုတ်တောင်မှ အစားအသောက်အသစ်၊ အရသာအဆန်းကို မြည်းစမ်းချင်သူတွေကတော့ စားကိုစားကြည့်သင့်ပါတယ်။ ဘယ်လိုများပြုလုပ်ရသလဲဆိုတာကို ကြည့်လိုက်ပါဦးနော်။
ပါဝင်ပစ္စည်းများ
ပဲပင်ပေါက် - ၁၆ အောင်စ
အမဲသား - ကြိတ်ပြီးသား ၁၀ သားခန့်
ကြက်ဥ - ၁လုံး
ပဲငံပြာရည် - အနည်းငယ်
ကြက်သွန်မြိတ် - အနည်းငယ်
ကြက်သွန်ဖြူ - ၃မွှာ
ငရုတ်သီးစိမ်း - အနည်းငယ် (အစပ်ကြိုက်သူများထည့်လို့ရပါတယ်)
နှမ်း - အနည်းငယ်
နှမ်းဆီ - အနည်းငယ်
ကြက်သွန်နီ - ၂လုံး
ပျားရည် (သို့) သကြား - အနည်းငယ်
အရသာမှုန့် - အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ထမင်းအရင်ချက်ရပါမယ်။ မိမိစားချင်တဲ့ ပမာဏကို ချင့်တွက်ပြီးတော့ ချက်ပေးထားပါ။
ပဲပင်ပေါက်ကို ပြုလုပ်ဖို့က အနည်းငယ်အချိန်ပေးရပါမယ်။ ပဲပင်ပေါက်ထိပ်က အနက်ရောင်အပိုင်းကို ဖြတ်ထုတ်ရမှာဖြစ်ပြီးတော့ သေချာဆေးကြောဖို့ လိုအပ်ပါတယ်။ အနည်းဆုံး ရေ (၄)ကြိမ်ခန့် ဆေးပေးရင် အကောင်းဆုံးပါပဲ။
အမဲသားကို ပန်းကန်တစ်ခုထဲမှာ ပဲငံပြာရည်၊ သကြား၊ နှမ်းဆီတစ်ဇွန်းထည့်ပြီးတော့ သမသွားအောင် နယ်ပြီး နှပ်ပေးထားပါ။
ဆော့စ်ပြုလုပ်ဖို့အတွက် ပဲငံပြာရည်အကြည် ၁/၃ ခွက်၊ ကြက်သွန်ဖြူ ၃မွှာကို နုတ်နုတ်စင်းပေးပြီး ကြက်သွန်မြိတ် ၁ ပင်ကို ပါးပါးလှီးကာ ငရုတ်သီးစိမ်း ၂တောင့်ကို ပါးပါးလှီးထားတာတွေ ရောပြီးတော့ ပြုလုပ်ပေးပါ။ သကြား (၁)ဇွန်း၊ ကြက်သွန်နီ နုတ်နုတ်စင်းထားတာနဲ့ နှမ်းဆီ (၁) ဇွန်းလည်း ထည့်ပေးပါ။ ဒါဆိုရင်တော့ ဆော့စ်ရပါပြီ။ အရသာကို မြည်းကြည့်ပြီး လိုအပ်သလို ပြင်ဆင်လို့ ရပါသေးတယ်။
ကြက်ဥကို ဟက်ဖ်ရိုက် ကြော်ပေးပါ။ အကယ်၍ ၂ယောက်စားမှာဆိုရင်တော့ ၂လုံးကြော်ပေးရပါမယ်။
ထမင်းကျက်သွားပြီဆိုရင်တော့ ဒယ်အိုးထဲကို မိမိစားချင်သလောက် ပမာဏကို ခူးပြီး ခပ်ပေးပါ။ ပဲပင်ပေါက်နဲ့အမဲသားကိုတော့ ထမင်းအပေါ်ကနေ ထည့်ပေးရပါမယ်။ ရေနည်းနည်းလေး ထည့်ပေးဖို့လည်း မမေ့ပါနဲ့။ အရမ်းများသွားရင် ထမင်းပျော့သွားမှာမို့လို့ပါ။ နည်းနည်းလေးပဲ ထည့်ပေးပါ။ နှမ်းဆီ၊ အရသာမှုန့်တို့လည်း ထည့်ပေးပါ။ ပြီးရင် အဖုံးအုပ်ပြီး ၁၀ မိနစ်ခန့် မီးအားအလယ်အလယ်နဲ့ ထားပေးပါ။ အကျက်ညီဖို့အတွက်တော့ အပေါ်အောက် မွှေပေးဖို့လည်း လိုပါတယ်။
မီးအားကို အနည်းငယ်လျှော့ပြီး နောက်ထပ် (၁၀)မိနစ်ခန့် ထားပေးထားပါ။ ဒါဆိုရင် ရပါပြီ။ အမဲသားမကျက်မှာတော့ မပူပါနဲ့။ ကြိတ်ပြီးသားဆိုတော့ အလွယ်တကူနဲ့ ကျက်ပါတယ်။ အားလုံးပြီးရင်တော့ ပန်းကန်ထဲ ခူးထည့်ပြီး အပေါ်ကနေ ကြက်ဥကြော်တင်ပေးပြီးရင် စားသုံးလို့ရပါပြီ။
Source: Food.ndtv