ကြက်ဟင်းခါးသီးကို အာရှတိုက်မှာ ပုံမှန်စားသုံးလေ့ရှိပြီးတော့ ကမ္ဘာတဝှမ်းမှာတော့ ဆေးဖက်ဝင်အသီးအနှံအဖြစ် အသုံးပြုလေ့ ရှိပါသည်။ ကြက်ဟင်းခါးသီးမှာဆိုရင် ဆီးချိုကျစေနိုင်တဲ့ ဓာတ်တွေ အများကြီးပါဝင်ပြီးတော့ အရေပြားရောဂါပြသနာတွေ၊ ရောင်ရမ်းမှု ဖြစ်ပွားခြင်းကိုလည်း လျှော့ချပေးပါတယ်။
သုတေသနများအရဆိုရင် ကြက်ဟင်းခါးသီးမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပြီးတော့ တချို့သော ကင်ဆာဆဲလ်တွေကိုဆိုရင် ကောင်းကောင်းကြီးတိုက်ဖျက်နိုင်ကြောင်းသိရပါတယ်။ အူမကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာနဲ့ Leukemia တို့ကို ဆန့်ကျင်နိုင်ပြီးတော့ ကာကွယ်တားဆီးပေးတယ်လို့ ဆိုပါတယ်။ Saint Louis University မှ Cancer Center မှ တွေ့ရှိချက်အရဆိုရင် ကြက်ဟင်းခါးသီးဟာ ရင်သားကင်ဆာကိုတောင်မှ တိုက်ဖျက်ပေးနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆီးချိုနဲ့ပတ်သက်ပြီး အကျိုးပြုတဲ့ ဓာတ်သဘာဝတွေ များစွာပါဝင်နေပြီးတော့ အဓိကအားဖြင့်ဆိုရင်တော့ Vicine, Polypeptide-p နဲ့ Charatina ဆိုတဲ့ ဓာတ် (၃) မျိုးက ဆီးချိုအတွက် ပိုပြီးကောင်းမွန်စေပါတယ်။ ဆီးချိုဝေဒနာရှင်များအနေနဲ့ ကြက်ဟင်းခါးသီးကို ဖျော်ရည်လိုမျိုး သောက်သုံးပေးခြင်းဖြင့် ဆီးချိုအတွက် ကောင်းမွန်စေပြီးတော့ တစ်လအတွင်းမှာ သိသိသာသာကို အကျိုး သက်ရောက်မှုဖြစ်ကြောင်း သိသာထင်ရှားစေတယ်လို့ ဆေးပညာရှင်များက ပြောကြားခဲ့ပါတယ်။ ဖျော်ရည်အဖြစ် သောက်သုံးတဲ့အခါမှာ တစ်နေ့ကို ၅၀၀ မီလီဂရမ် ကနေ ၂၀၀၀ မီလီဂရမ်အထိ သောက်သုံးနိုင်ပါတယ်။
ကြက်ဟင်းခါးသီးဖျော်ရည်က သွေးထဲသို့ သကြားဝင်ဓာတ်ဝင်ရောက်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီးဖျော်ရည်ကို နည်းလမ်း အမျိုးမျိုးနဲ့ ဖျော်စပ်ပြီး သောက်သုံးနိုင်ပါတယ်။ ဖျော်ရည်သောက်သုံးတဲ့အခါ ဘယ်လိုမျိုး ပြုလုပ်ပြီး သောက်သုံးနိုင်လဲဆိုတာကတော့ -
ပါဝင်ပစ္စည်းများ
ကြက်ဟင်းခါးသီး - ၂လုံး
သံပုရာသီး - တစ်ခြမ်း
နနွင်းမှုန့် - အနည်းငယ်
ဆား - အနည်းငယ်
ပြုလုပ်နည်း
ကြက်ဟင်းခါးသီးကို ရေစင်ကြယ်အောင် ဆေးကြောပေးပြီး အပေါ်ယံအခွံတွေကိုနွှာပေးပါ။ ကြက်ဟင်းခါးသီးကိုဒေါင်လိုက်ခွဲခြမ်းလိုက်ပြီး အတွင်းမှ အစေ့တွေကို ထုတ်ပစ်ပြီး အတုံးသေးလေးတွေအဖြစ် လှီးပေးရပါမယ်။ ပြီးရင်တော့ ဇလုံတစ်ခုအတွင်းမှာ ရေနဲ့အတူ ထည့်သွင်းပြီး ဆားအနည်းငယ်ထည့်ပေးကာ ၁၀ မိနစ်လောက် စိမ်ပေးပါ။ ပြီးရင်တော့ ကြက်ဟင်းခါးသီးတွေကို ထုတ်ယူပြီး အရည်ညှစ်စက် (သို့) ဖျော်ရည်စက်နဲ့ ညှစ်ယူပြီး ရရှိလာတဲ့ အရည်ကို ဖန်ခွက်တစ်လုံးထဲမှာ သံပုရာရည်၊ နနွင်းနဲ့ဆားတို့ထည့်ပြီးတော့ သမအောင် မွှေပြီး သောက်သုံးရုံပါပဲ။
Source : stylecraze