တနင်္ဂနွေညမှာ ပြုလုပ်ခဲ့တဲ့ Grammy ဆုပေးပွဲညမှာ နာမည်ကျော် ဆယ်လီတွေနဲ့ ပွဲကိုတက်ရောက်လာသူတွေဟာ အဖြူရောင်နှင်းဆီတွေကို ခန္ဓာကိုယ်ပေါ်မှာ တပ်ဆင်လာခဲ့ကြတာကို တွေ့ရပါတယ်။ ရုပ်ရှင်နယ်ပယ်သားတွေက ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အနက်ရောင်တွေ ဝတ်ဆင်ပြီး လှုပ်ရှားခဲ့ကြသလိုပါပဲ။ ဂီတနယ်ပယ်သားတွေကလည်း ဂရမ်မီဆုပေးပွဲမှာ နှင်းဆီဖြူတွေကို တပ်ဆင်ကာ Time's Up လှုပ်ရှားမှုကို ထောက်ခံကြောင်းပြသခဲ့ကြတာပါ။
နှင်းဆီဖြူတွေကို အကျႌပေါ်မှာ တပ်ဆင်တာ ဒါမှမဟုတ် လက်မှာ ကိုင်လာခဲ့ကြတာတွေကို တွေ့ရတယ်။ လုပ်ငန်းခွင်ထဲမှာ တန်းတူညီမျှဖြစ်ရေးနဲ့ လုံခြုံစိတ်ချမှုရှိရေးအတွက် ပြောနေတဲ့ စကားတွေကို ထောက်ခံကြောင်း ပြသလိုတဲ့အတွက် Time's Up နဲ့အတူ ရှိကြောင်းကို နှင်းဆီဖြူတွေက သက်သေပြခဲ့ကြတယ်။ Khalid, The Chainsmokers, Imagine Dragons နဲ့ Lady Gaga တို့လို စူပါစတားတွေဟာ နှင်းဆီဖြူတွေကို ရင်ညွှန့်မှာ တပ်ဆင်ပြီး တက်ရောက်လာကြတာ တွေ့ရတယ်။ နှင်းဆီဖြူနဲ့အတူ Time's Up ဏာသားပါ ရင်ထိုးလေးကိုပါ တပ်ဆင်လာကြသူတွေလည်း ရှိပါတယ်။
ဇေးမာလစ်ကတော့ ကုတ်အကျႌမှာ နှင်းဆီဖြူပုံ ပန်းထိုးထားတဲ့ ဝတ်စုံနဲ့ ပွဲကို တက်ရောက်လာခဲ့တယ်။ ပွဲကိုတက်ရောက်လာတဲ့ အမျိုးသမီးတွေက အနက်ရောင်တွေကို ဝတ်လာကြတာလည်း များပါတယ်။ အနက်ရောင်ဝတ်စုံတွေက နှင်းဆီဖြူနဲ့ ပိုပြီးတော့ အဓိပ္ပာယ်လေးနက်သွားစေသလားပဲ။ Time's Up ကိုတော့ အနုပညာနယ်ပယ်ထဲက လူကြိုက်အများဆုံးဖြစ်တဲ့ ရုပ်ရှင်နဲ့ ဂီတ ကဏ္ဍတွေမှာ တက်တက်ကြွကြွ စတင်လိုက်ပါပြီ။
Time's Up လှုပ်ရှားမှုကို ဟောလိဝုဒ်က အမျိုးသမီးအနုပညာရှင် ၃၀၀ က ဒီဇင်ဘာလမှာ စတင်လိုက်တာပါ။ လုပ်ငန်းခွင်ထဲက လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေ၊ အနိုင်ကျင့်မှုတွေမှာ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် ဥပဒေရေးရာ ဖြေရှင်းဖို့ ငွေကြေးပိုင်းကူညီထောက်ပံ့သွားဖို့အတွက် ဒီလှုပ်ရှားမှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။
Source : Daily Mail, BBC, ABC