အသက် ၉၁ နှစ်အရွယ် ဘွားဘွားတစ်ယောက်ဟာ ကလေးတွေကို ဝက်ဝံရုပ်လေးတွေ လက်ဆောင်ပေးနေပါတယ်။ ကိုယ်တိုင် လက်နဲ့ထိုးထားတဲ့ သိုးမွေးရုပ်လေးတွေကို ဖြစ်ရပ်ဆိုးနဲ့ကြုံခဲ့ရတဲ့ ကလေးတွေအတွက် ပေးခဲ့တာ အရုပ်ပေါင်း ၈၀၀၀ ကျော်ပါပြီ။
သူမနာမည်က Phyllis Reeve လို့ ခေါ်ပါတယ်။ ဆယ်စုနှစ် ၃ ခု ကြာ ပရဟိတအလုပ်တွေကို လုပ်နေခဲ့တဲ့အတွက် ဘက်ကင်ဟမ်နန်းတော်ကတောင် သူမကို ဖိတ်ကြားခဲ့ပါသေးတယ်။ လစဉ်လတိုင်းမှာ Phyllis နဲ့ သူမရဲ့သမီး Janet Young တို့ဟာ ဝက်ဝံရုပ်တွေထည့်ထားတဲ့ အိတ်ကြီးတစ်လုံးကို Teddies for Tragedies ပရဟိတလုပ်ငန်းကို သွားရောက်လှူဒါန်းကြပါတယ်။ အဲ့ဒီအဖွဲ့ကနေတစ်ဆင့် ကမ္ဘာတစ်ဝန်းက ကလေးတွေကို ပြန်လှူပေးပါတယ်။
တရုတ်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန် စတဲ့ နိုင်ငံအသီးအသီးကို ရောက်ရှိသွားတဲ့ အရုပ်လေးတွေဟာ သဘာဝဘေးဒုက္ခကပ်ဆိုးနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ ကြုံခဲ့ရတဲ့ ကလေးတွေရဲ့လက်ထဲကို ရောက်သွားတယ်။ " ကျွန်မက သူရဲကောင်းတစ်ယောက်တော့ မဟုတ်ပါဘူး။ သာမာန် အလုပ်လုပ်တဲ့ မိန်းမတစ်ယောက်ပါ။ အသက် ၆၀ ပြည့်တော့ ပင်စင်ယူလိုက်တယ်၊ ပြီးတော့ ပရဟိတအတွက် စေတနာ့လုပ်အားရှင် လုပ်နေတာပါပဲ" လို့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြောတယ်။
ဝက်ဝံရုပ်တိုင်းမှာ အရောင် ၃ ရောင်စီ ပါပါတယ်။ Pattern ကိုတော့ ပရဟိတအဖွဲ့က ပေးပါတယ်။ ဝက်ဝံရုပ်တိုင်းက ပြုံးနေဖို့လိုပြီး မျက်လုံးလိုမျိုး အစိတ်အပိုင်းတွေဟာ အန္တရာယ်မရှိရဘူး။ ကလေးတွေအတွက် လုံခြုံစိတ်ချရဖို့ လိုပါတယ်။ Phyllis က လူတွေလှူထားတဲ့ ငှက်မွေးဂွမ်းကပ်တွေကို အိမ်ကိုယူသွားပြီး လျှော်ဖွပ်ကာ အရုပ်လေးတွေဖြစ်အောင် ပြန်လုပ်လိုက်တာ ဖြစ်ပါတယ်။
ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် Phyllis ကို ဗြိတိန်နန်းတော်က BEM ဆုလည်း ပေးအပ်ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ၂၂ နှစ်ကစပြီး ခုချိန်ထိအောင် ဝက်ဝံရုပ်လေးတွေ ထိုးနေတုန်းပါပဲ။ သူမကြောင့် ကလေးတွေရဲ့နေ့ရက်တွေကို တောက်ပစေတဲ့အတွက် ကြည်နူးပျော်ရွှင်ရပါတယ်လို့လည်း Phyllis က ဆိုပါတယ်။
Source : Huff Post