ထိုင်းအစားအစာတွေက အရသာလေးပင်ပြီး မွှေးကြိုင်တဲ့ရနံ့ ရှိတာကြောင့် ထင်ရှားပါတယ်။ CNN ခရီးသွားကဏ္ဍရဲ့ ကမ္ဘာ့အကောင်းဆုံး အစားအစာများ သတ်မှတ်ချက်စာရင်းမှာလည်း ထိုင်းအစားအစာတွေက ဗိုလ်စွဲနေတာပါ။

 

ထိုင်းအစားအစာတွေကို နှစ်သက်ကြသူတွေအတွက် ဒီနေ့မှာတော့ ထိုင်းစတိုင်လ် ချိုချိုစပ်စပ် ထိုင်းကြက်သားလုံးကြော်ချက် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

naked_chicken_tenders_new.jpeg 

အရိုးထုတ်ပြီးသား ကြက်ရင်အုံသား (၈) အောင်စခန့်၊ ဟင်းချက်ဆီတစ်ခွက်ခန့်၊ သံလွင်ဆီ လက်ဖက်ရည်တစ်ဇွန်းခန့်၊ ကြက်သွန်ဖြူ (၂) တောင့်ခန့်၊ ပုလင်းသွပ် ထိုင်းငရုပ်ချိုချဉ် ဆော့စ် (၄) ဇွန်းခန့်၊ သံပုရာရည် (၁) ဇွန်း၊ ဆားအနည်းငယ်၊ နှမ်းစေ့အဖြူ (၁/၂) ဇွန်းခန့်၊ နံနံပင် (၁/၂) ဇွန်းခန့်တို့ကို လိုအပ်ပါတယ်။

ဟင်းအနှစ် ပြုလုပ်ဖို့အတွက်ကတော့ ကြက်ဥ (၁) လုံး၊ ဂျုံမှုန့် (၁/၂) ခွက်၊ ပြောင်းဖူး ကစီမှုန့် (၁/၄) ခွက်၊ မုန့်ဖုတ်ဆိုဒါ (၁/၂) ဇွန်းခန့်၊ ရေအေး (၁/၂) ခွက်ခန့်၊ ဟင်းချက်ဆီ (၁) ဇွန်းခန့်၊ ဆားအနည်းငယ်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

sweet_chili_chicken3.jpg 

အရင်ဆုံး ကြက်ဥ (၁) လုံး၊ ဂျုံမှုန့် (၁/၂) ခွက်၊ ပြောင်းဖူး ကစီမှုန့် (၁/၄) ခွက်၊ မုန့်ဖုတ်ဆိုဒါ (၁/၂) ဇွန်းခန့်၊ ရေအေး (၁/၂) ခွက်ခန့်၊ ဟင်းချက်ဆီ (၁) ဇွန်းခန့်၊ ဆားအနည်းငယ်တို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ စုထည့်ပြီး ရောမွှေလိုက်ပါ။ သမအောင် မွှေပြီးပြီဆိုရင်တော့ တစ်ကိုက်စာအတုံးလေးတွေ တုံးတစ်ထားတဲ့ အရိုးထုတ်ပြီးသား ကြက်သားကို မုန့်နှစ်ထဲမှာ ထည့်ပြီးနယ်လိုက်ပါ။

အဲဒီအချိန်မှာ ဒယ်အိုးပြားတစ်လုံးထဲမှာ ဟင်းချက်ဆီ (၂) လက်မခန့်ထည့်ပြီး အပူပေးထားလိုက်ပါ။ ဆီပူလာပြီဆိုတာနဲ့ ခုနက မုန့်နှစ်စိမ်ထားတဲ့ ကြက်သားတုံးလေးတွေကို ရွှေအိုရောင်သမ်းသည်အထိ ထည့်ကြော်ပေးလိုက်ပါ။ ကြက်သားတုံးလေးတွေ ရွှေအိုရောင်သမ်းလာပြီဆိုရင် ဒယ်အိုးထဲက ဆယ်ထုတ်ပြီး ဆီစိမ်သွားအောင် တစ်ရှူးစက္ကူလေးတွေ ခင်းထားတဲ့ ဇကာတစ်လုံးထဲမှာ ထည့်ပြီး ဆီစစ်ပေးလိုက်ပါ။

 

ခုနကဒယ်အိုးပြားထဲမှာ ဆီနည်းနည်းလျှော့ပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဆီသတ်ပေးလိုက်ပါ။ ကြက်သွန်ဖြူနံ့လေး မွှေးလာပြီဆိုရင် ခုနကဖယ်ထားတဲ့ ကြက်ကြော်လေးတွေကို ဒယ်အိုးထဲ ပြောင်းထည့်ပေးလိုက်ပါ။ ပြီးရင် ထိုင်းငရုပ်ချိုချဉ် ဆော့စ်ရယ်၊ သံပုရာရည်ရယ်၊ ဆားရယ်ကိုထည့်ပြီး ရောမွှေပေးလိုက်ပါ။ (၅) မိနစ်ခန့်ကြာအောင် မွှေပေးလိုက်ရင် ကြက်သားတုံးလေးတွေနဲ့ ဟင်းအနှစ်နဲ့ သမသွားမှာပါ။

ဒါဆိုရင်တော့ ချိုချိုစပ်စပ် ထိုင်းကြက်သားလုံးကြော်ချက်လေးကို ချက်ပြုတ်လို့ပြီးပါပြီ။ မိမိနှစ်သက်ရာ ပန်းကန်ပြားတစ်ချပ်ထဲမှာ အလှဆင်ပြီး အပေါ်ကနေ နှမ်းစေ့လေးတွေနဲ့ နံနံပင်လေး အုပ်ပေးလိုက်ရင် အသင့်သုံးဆောင်နိုင်ပါပြီ။

Source: Rasamalaysia

Share

Loading Next Article...
က္က