ဆူရှီကို ဒိုးနပ်ပုံစံဖော်ထားတဲ့ ဆူရှီဒိုးနပ်ပြုလုပ်နည်းလေးပါနော်။

ဂျပန်ရေညှိထမင်းလိပ် ဆူရှီကို ကြိုက်ကြလား။ နောက်ပြီးတော့ ဒိုးနပ်မုန့်ကိုကော ကြိုက်ကြလား။ တကယ်လို့ အဲဒီအစားအစာ (၂) မျိုးလုံးကို ပူးပေါင်းဖန်တီးထားတဲ့ အစားအစာတစ်မျိုးကို စားရမယ်ဆိုရင်ကော ဘယ်လိုသဘောရလဲ။

 

ဆူရှီထမင်းနဲ့ တခြားပါဝင်ပစ္စည်းတွေကို ပုံမှန်အတိုင်း ရေညှိခြောက်နဲ့အုပ်ပြီး မလိပ်တော့ဘဲ တမူထူးခြားအောင် ဖန်တီးထားတဲ့ ဆူရှီဒိုးနပ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ အစားအစာ အဆန်းလေးဆိုတော့ ဧည့်ခံလို့မျက်နှာပန်းလှသလို သားသား၊ မီးမီးလေးတွေရဲ့ မုန့်ဘူးထဲမှာ ထည့်ပေးလို့လည်း ကောင်းတာပေါ့။

ပါဝင်ပစ္စည်းများ

1200x600-1-1-600x300.jpg 

ထောပတ်သီး (၂) လုံး၊ သံပုရာသီးတစ်လုံး၊ ဝါဆာဘီယမ်းစိမ်း အနည်းငယ်၊ ဆူရှီထမင်း (သို့) ရှမ်းဆန်စေးစေးလေး (၃၀၀) ဂရမ်ခန့်၊ ဆူရှီ ဆန်ရှာလကာရည်အနည်းငယ်၊ ဆာရှိမိလုပ်လို့ရတဲ့ ဆယ်လ်မွန်ငါး (၂၀၀) ဂရမ်၊ မုန်လာဥဖြူ၊ သခွားသီး၊ ငါးဥ၊ ရေညှိခြောက်နဲ့ ထမင်းခြောက်အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

maxresdefault (1).jpg 

ပထမဦးဆုံးအနေနဲ့ ထောပတ်သီး (၂) လုံးကို အလည်ကနေ ထက်ခြမ်းခြမ်းပြီး အစေ့ထုတ်လိုက်ပါ။ ပြီးရင်တော့ စားပွဲတင်ဇွန်း တစ်ချောင်းနဲ့  ထောပတ်သီးအနှစ်လေးတွေကို ခပ်ထုတ်ပေးလိုက်ပါ။ ထောပတ်သီး (၂) လုံးစာ ထောပတ်သီးအနှစ်တွေကို ရပြီဆိုရင်တော့ ပန်းကန်လုံးတစ်လုံးထဲမှာ ခုနကဇွန်းနဲ့ပဲ ဖိချေပေးလိုက်ပါ။

 

ထောပတ်သီးအနှစ်ထဲမှာ သံပုရာသီးတစ်လုံးကို အရည်ညှစ်ထည့်ပြီး ဇွန်းတစ်ချောင်းနဲ့ သမအောင်မွှေပေးလိုက်ပါ။ ချွဲပျစ်တဲ့အရည် ဖြစ်သွားပြီဆိုရင်တော့ ပန်းကန်ထဲကို ဝါဆာဘီယမ်းစိမ်း နည်းနည်းပါ ထည့်ပြီး မွှေပေးလိုက်ပါဦး။ ပြီးပြီဆိုရင်တော့ ရလာတဲ့အနှစ်ကို အလုံပိတ်လို့ရတဲ့ ပလတ်စတစ်အိတ် တစ်လုံးထဲ ထည့်ပေးလိုက်ပါ။ ပြီးရင် ရေခဲသေတ္တာထဲမှာ (၂) ရက်ခန့် အအေးခံထားပေးလိုက်ပါ။

 

ဒိုးနပ်လုပ်ဖို့အတွက်တော့ ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ ဒိုးနပ်ပုံစံခွက် တစ်ခုလည်း လိုအပ်ပါလိမ့်မယ်။ အရင်ဆုံး ဆူရှီဆန် (သို့) ရှမ်းဆန်စေးစေးလေး (၃၀၀) ဂ၇မ်ခန့်ကို ပေါင်းချက်ချက်လိုက်ပါ။ ထမင်းကျက်ရင်တော့ ပုံစံခွက်တစ်ခုချင်းစီကို ထမင်းဖြည့်ပေးလိုက်ပါ။ ပြီးရင်တော့ ညသိပ်ထားတဲ့ ထောပတ်သီးအနှစ်ကို ထမင်းပုံပေါ်မှာ (ကိတ်မုန့်ပေါ်မှာ နာမည်ထိုးသလို) ညှစ်ထည့်ပေးလိုက်ပါ။

 

ပြီးမှ အပေါ်ကနေ ထမင်းနည်းနည်းထပ်ဖြည့်ပြီး ဆီလီကွန်ပုံစံခွက် အဖုံးကို ပိတ်ချပေးလိုက်ပါ။ ဒါဆိုရင် ဆူရှီထမင်းလေးတွေဟာ ဒိုးနပ်ပုံစံ (မုန့်လက်ကောက်ပုံစံ) အဝိုင်းလေးတွေ ဖြစ်သွားမှာပါ။ ဒါဆိုရင်တော့ ဆူရှီဒိုးနပ်လေးကို ပုံစံခွက်ထဲက ယူထုတ်ပေးလို့ရပါပြီ။ လက်နဲ့တော့ သွားမကိုင်ပါနဲ့ဦး။ ပုံစံခွက်ကို သစ်သား အသားလှီးဘုတ်ပြားပေါ်မှာ အသာလေးမှောက်ချပြီး ရွှေ့ပြောင်းဖို့လိုအပ်ရင် ဓားဦးချွန်လေးနဲ့ပဲထိုးပြီး ရွှေ့ပြောင်းပေးလိုက်ပါ။

ပြီးရင်တော့ ဒိုးနပ်အပေါ်မှာတင်ဖို့ Topping ကို ပြင်ဆင်နိုင်ပါပြီ။ ဆယ်လ်မွန်ငါးအသား (၂၀၀) ဂရမ်ကို ပါးပါးလေးတွေဖြစ်အောင် လှီးထုတ်ပေးလိုက်ပါ။ မုန်လာဥဖတ်လေးတွေကိုလည်း ပါးပါးလှီးပြီး ဆူရှီ ဆန်ရှာလကာရည်ထဲမှာ ဆယ်မိနစ်ခန့် ထည့်စိမ်ပေးလိုက်ပါ။ သခွားသီးတစ်လုံးကိုလည်း ထက်ခြမ်းခြမ်းပြီး ပါးလွှာတဲ့အပြားလေးတွေရအောင် လှီးထုတ်ပေးလိုက်ပါ။ အစေ့လေးတွေ ပါမလာအောင်လည်း ဖယ်ရှားပေးလိုက်ပါဦး။

ပြီးရင်တော့ ဆူရှီဒိုးနပ်ပေါ်မှာ သခွားသီးဖတ်လေးတွေကို အရင်တင်ပေးလိုက်ပါ။ သခွားသီးတင်ပြီးမှ ရှာလကာရည်စိမ်ထားတဲ့ မုန်လာဥဖတ်လေးတွေကို တင်ပေးလိုက်ပါ။ ပြီးရင် ဆယ်လ်မွန်ငါး အသားဖတ်လေးတွေကို တင်ပေးလိုက်ပါ။ လွတ်နေသေးတဲ့ နေရာကိုတော့ ရေညှိခြောက်ဖတ်လေးတွေနဲ့ ဖြည့်ပေးလိုက်ပါ။ ရေညှိခြောက်ဖတ်လေးတွေအပေါ်မှာမှ ထမင်းခြောက် လေးတွေကိုလည်း တင်ပေးလို့ရပါသေးတယ်။ ဒါဆိုရင်တော့ အရသာရှိတဲ့ ဆူရှီဒိုးနပ်ကို အသင့်သုံးဆောင်နိုင်ပါပြီနော်။

Source: Makesushi

Share

Loading Next Article...
က္က