ချဉ်၊ ငန်၊ စပ် အရသာကိုမှ နှစ်ခြိုက်ပါတယ်ဆိုတဲ့ ကိုကို၊ မမတွေအတွက် ဒီနေ့မှာတော့ မြင်ရုံနဲ့ သွားရည်ယိုစေမယ့် ဟင်းလျာလေးတစ်မယ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ အဲဒါကတော့ ထိုင်းစတိုင်လ် ဟင်းပွဲလေးတစ်မျိုးဖြစ်တဲ့ ပြည်ကြီးငါးပေါင်း ချဉ်ငန်စပ် ပါပဲ။ ဒီဟင်းလျာလေးဟာ ပြုလုပ်ရလွယ်ကူပြီး စားလို့အရမ်းကောင်းတဲ့အတွက် ခံတွင်းပျက်နေသူတွေအတွက်တောင် ခံတွင်းမြိန်စေတဲ့ ဟင်းလျာလေးတစ်ခု ဖြစ်လာစေမှာပါ။ စိတ်ဝင်စားရင်တော့ recipe လေးကို ဆက်ဖတ်ကြည့်လိုက်ပါဦး။
ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းအဖြစ် ပြည်ကြီးငါး (၄) (၅) ကောင်၊ ငရုပ်သီးစိမ်း (၁၅) တောင့်ခန့်၊ ကြက်သွန်ဖြူ (၆) တောင့်ခန့်၊ သံပုရာသီးတစ်ခြမ်းခန့်၊ ငံပြာရည် (၄) ဇွန်းခန့်၊ သကြား (၂) ဇွန်းခန့်၊ နံနံပင်အနည်းငယ်တို့ကို လိုအပ်ပါတယ်။
ပြုလုပ်နည်း
အရင်ဆုံး ကြက်သွန်ဖြူကို အခွံခွာပြီး ဓားပြားရိုက်ပြီး နုတ်နုတ်စင်းပေးလိုက်ပါ။ ပြီးရင် ငရုပ်သီးစိမ်းတောင့်လေးတွေကိုလည်း ပါးပါးလှီးပေးလိုက်ပါ။ သံပုရာသီးကိုတော့ အရည်ညှစ်ဖို့အတွက် အစိတ်လေးတွေ လှီးပေးလိုက်ပါ။
ပန်းကန်လုံးတစ်လုံးထဲမှာတော့ သကြားရယ်၊ ငံပြာရည်ရယ်၊ ခုနက လှီးထားတဲ့ သံပုရာသီးကို အရည်ညှစ်ထားတဲ့ သံပုရာရည်ရယ်၊ ပါးပါးလှီးထားတဲ့ ငရုပ်သီးစိမ်းတောင့်လေးတွေရယ်၊ ကြက်သွန်ဖြူရယ်ကို ရောပေးလိုက်ပါ။ ဒါဆိုရင် ကြက်သွန်ဖြူအချဉ်တစ်မျိုး ရရှိပါလိမ့်မယ်။
ဆေးကြောသန့်စင်ပြီးသား ပြည်ကြီးငါး (squid) ကိုတော့ အကွင်း၊ အကွင်းလေးတွေဖြစ်အောင် လှီးပေးလိုက်ပါ။ ဒါပေမယ့် အကောင်ပုံမပျက်အောင် လှီးပေးရမှာပါ။ ပြီးရင် ပေါင်းအိုးထဲထည့်ပြီး ကျက်လောက်သည်အထိ ပေါင်းပေးလိုက်ပါ။
ပြည်ကြီးငါးပေါင်း ကျက်လောက်ပြီဆိုရင် ပေါင်းအိုးထဲက ဆယ်ထုတ်ပြီး ဇောက်နက်တဲ့ ပန်းကန်ပြားတစ်ချပ်ထဲမှာ အစီအရီ ထည့်ပေးလိုက်ပါ။ ပြီးမှ အပေါ်ကနေ ခုနက ကြက်သွန်ဖြူအချဉ်ကို လိုက်ဆမ်းပေးရမှာပါ။ အပေါ်ကနေ နံနံပင်လေး အုပ်ပေးလိုက်ရင်တော့ ချဉ်ငန်စပ်အရသာနဲ့ ပြည်ကြီးငါးပေါင်းလေးကို အသင့်သုံးဆောင် နိုင်ပါပြီနော်။
Source: DailyDish