အရသာ (၃) လွှာပါဝင်ပြီး သောက်လို့ကောင်းတဲ့ နို့အမြှုပ်လက်ဖက်ရည် လုပ်နည်းလေးပါ။

မြန်မာနိုင်ငံမှာ ထိုင်ဝမ်ဘက်ကလာတဲ့ Bubble Tea ဆိုင်လေးတွေ အလျှိုအလျှို ပေါ်ထွန်းလာခဲ့ပြီးနောက် ရှော့ပင်စင်တာတွေမှာ ဈေးဝယ်ထွက်ရင် လက်ဖက်ရည်အေးဘူးလေးတွေ ကိုယ်စီကိုင်ပြီး သွားလာနေကြတာကိုလည်း ပိုမိုတွေ့မြင်လာကြရမှာပါ။

 

ဘာပဲပြောပြော ဆေးသကြားများတဲ့ အအေးဘူးတွေထက်စာရင် လက်ဖက်ရည်ဘူးလေးတွေသောက်တာက ကျန်းမာရေးနဲ့ပို ညီညွတ်တာပေါ့။ အခုတလော အွန်လိုင်းပေါ်မှာ ခေတ်စားနေပြီး တကယ်လည်းသောက်လို့ကောင်းတဲ့ လက်ဖက်ရည်လေးကတော့ cheese tea (နို့အမြှုပ်လက်ဖက်ရည်) ပါပဲ။ အဲဒီလက်ဖက်ရည် လုပ်နည်းလေးကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

cheese_and_tea.jpg 

ပါဝင်ပစ္စည်းတွေကတော့ Green Tea လက်ဖက်ခြောက် (၁) ထုပ်၊ သကြား (၃) ဇွန်း၊ Whip Cream (၆) ဇွန်းခန့်၊ ဆားအနည်းငယ်၊ ချိစ်ခရင်မ်အနည်းငယ်၊ ဒိန်ခဲမှုန့် (၃) ဇွန်းခန့်၊ နွားနို့ (၃) ခွှက်ခန့်၊ Matcha လက်ဖက်စိမ်းမှုန့် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

Green-tea-matcha-latte-1024x683.jpg

အရင်ဆုံး ဖန်ခွက်တစ်ခွက်ထဲမှာ ရေနွေးအပြည့်ထည့်ပြီး green tea လက်ဖက်ခြောက်ထုပ်တစ်ထုပ်ကို ထည့်စိမ်လိုက်ပါ။ ပြီးရင် သကြား (၂) ဇွန်းလောက်ထည့်လိုက်ပါ။ ပြီးရင်တော့ လက်ဖက်ရည်ခွက်ကို ရေခဲသေတ္တာထဲမှာ တစ်နာရီခန့် အအေးခံပေးလိုက်ပါ။

လက်ဖက်ရည် အအေးခံထားချိန်မှာ ပန်းကန်လုံးအကြီး တစ်လုံးထဲကို Whip cream စားပွဲတင်ဇွန်းနဲ့ (၆) ဇွန်းစာခန့် ထည့်လိုက်ပါ။ ပြီးရင် သကြားထည့်ပြီး ကြက်ဥခေါက်တံနဲ့ မွှေပေးလိုက်ပါ။ ခနကြာရင် ဆားရယ်၊ ချိစ်ခရင်မ်ရယ်၊ ဒိန်ခဲမှုန့်ရယ်ကိုရောပြီး ကြက်ဥခေါက်တံနဲ့ပဲ သမအောင် ခလောက်ပေးလိုက်ပါ။ အရည်က ပျစ်နေနိုင်တဲ့အတွက် မလိုင်အပြည့်ပါတဲ့ နွားနို့ (၃) ခွက်ခန့်ထည့်ပြီး ခလောက်ပေးလိုက်ပါ။ အနှစ်အရမ်းမပျစ်တော့ဘူးဆိုရင် ရေခဲသေတ္တာထဲမှာ အအေးခံပေးထားနိုင်ပါပြီ။

 

ဒါဆိုရင်တော့ လက်ဖက်ရည်ဖျော်ဖို့ အဆင့်ရောက်ပါပြီ။ မိမိနှစ်သက်ရာ ခွက်ထဲမှာ (အဖုံးပိတ်လို့ရပြီး ပိုက်နဲ့စုပ်သောက်လို့ရတဲ့ ဘူးမျိုးဆိုပိုကောင်း) လက်ဖက်ရည်အေးကို လှယ်ထည့်လိုက်ပါ။ အဲဒီမှာ သတိထားဖို့ လိုတာက ခွက်ပြည့်တဲ့အထိ လက်ဖက်ရည်အေးကို မထည့်ဖို့ပါပဲ။ ပြီးရင်တော့ ခွက်အပေါ်ပိုင်းက လွတ်နေတဲ့နေရာမှာဖြည့်ဖို့ အအေးခံထားတဲ့ နို့ခရင်မ်အနှစ်ကို လက်ဖက်ရည်အပေါ်ကနေ ခွက်ပြည့်သည်အထိ ဆမ်းပေးလိုက်ပါ။ အဲဒီခရင်မ်အပေါ်ကနေမှ Matcha (လက်ဖက်စိမ်းမှုန့်) လေး ဖြူးပေးလိုက်ရင်တော့ ပြီးပြည့်စုံသွားပါပြီ။ အရသာရှိတဲ့ နို့အမြှုပ်လက်ဖက်ရည်အေးလေးကို သုံးဆောင်နိုင်ပါပြီ။

 

အရင်ဆုံး အပေါ်က နို့ခရင်မ်နဲ့ လက်ဖက်ရည် သမသွားတဲ့ အလွှာလေးဖြစ်အောင် ပိုက်လေးနဲ့ ထိုးမွှေပေးလိုက်ပါ။ ဒါဆိုရင် ခွက်ထဲမှာ အပေါ်ဆုံးက နို့အမြှုပ်အလွှာရယ်၊ အလည်က ကြားအလွှာရယ်၊ အောက်ဆုံးက လက်ဖက်ရည်အလွှာရယ်ဆိုပြီး သုံးမျိုးကွဲသွားပါလိမ့်မယ်။ အဲဒါကို ပိုက်လေးနဲ့စုပ်သောက်ပြီး အရသာခံနိုင်ပါပြီနော်။

Source: Ethan Wong

Share

Loading Next Article...
က္က