In partnership with  logo
ထုတ်လုပ်ရေးဘက်က တစ်ဖက်သတ်စာချုပ်တွေကို ဥပဒေနဲ့အနိုင်ယူခဲ့သူအဖြစ် ဟောလိဝုဒ်မှာ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ခဲ့တယ်။

ရုပ်ရှင်ကားကောင်းကြိုက်သူတိုင်း သိကြတဲ့ Gone With the Wind ဇာတ်ကားဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ရိုက်ခဲ့တာ ဖြစ်ပေမဲ့ ခုချိန်ထိအောင် ပြန်ကြည့်နေရတဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း အားလုံးလိုလိုကွယ်လွန်ကုန်ကြပါပြီ။ Olivia de Havilland တစ်ယောက်တည်းသာ သက်ရှိထင်ရှားကျန်တော့တာပါ။ အိုလီဗီယာက Gone With the Wind ဇာတ်ကားထဲမှာ မယ်လန်နီယာ နေရာက သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

 

မယ်လန်နီယာရဲ့ ဇာတ်ရုပ်ဟာ သနားကြင်နာသူ၊ တည်ငြိမ်အေးချမ်းသူ၊ မေတ္တာတရားကြီးမားသူပါ။ အဓိကဇာတ်ကောင်တွေထဲက တစ်ဦး အပါအဝင်လည်းဖြစ်ပြီး ဇာတ်အိမ်ခိုင်တဲ့ နေရာလည်းဖြစ်တယ်။ အိုလီဗီယာရဲ့ သရုပ်ဆောင်မှုကလည်း ဒီဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျ ဖြစ်ခဲ့ပါတယ်။

 

မိန်းကလေးတစ်ယောက်အမြင်နဲ့ ကြည့်မယ်ဆိုရင် Gone With the Wind ဇာတ်ကားဟာ သင်ခန်းစာယူစရာတွေ အများကြီးပါပဲ။ အဓိကဇာတ်ကောင် စကားလက်ရဲ့ လဲကျတိုင်းပြန်ထတတ်တဲ့စိတ်ဓာတ်က အတုယူစရာပါ။ မယ်လန်နီယာဆိုရင်လည်း အားလုံးကို ကြင်နာသနားတတ်ပြီး စိတ်ကောင်းရှိတတ်သူ၊ ပညာရှိသူ၊ စာအုပ်စာပေနဲ့ အိမ်တွင်းမှုတွေကို နိုင်နင်းသူအဖြစ်နဲ့ မြင်ရတယ်။

 

အိုလီဗီယာကို မယ်လန်နီယာအဖြစ်နဲ့ လူသိများကြပြီး အခြားဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေလည်း ရခဲ့သေးတယ်။ Warner Brothers ထုတ်လုပ်ရေးနဲ့ ဥပဒေရေးအရ ဖြေရှင်းကြတော့ အနိုင်ရခဲ့တဲ့အတွက်လည်း အနုပညာအသိုင်းအဝိုင်းက သူမကို ပိုလေးစားကြတယ်။ ၁၉၄၅ ခုနှစ်တုန်းက အဆိုပါထုတ်လုပ်ရေးဟာ ဟောလိဝုဒ်မှာ ကြီးမားတဲ့လွှမ်းမိုးချုပ်ကိုင်မှုရှိခဲ့ပြီး အိုလီဗီယာကို ၇ နှစ် စာချုပ်ချုပ်ထားခဲ့တာပါ။ ဘယ်သူကမှ သူမကို ဒီအမှုမှာအနိုင်ရမယ် ထင်မထားခဲ့ဘူး။ ဒါပေမဲ့ အိုလီဗီယာက သြဇာကြီးမားတဲ့ Warner Brothers ကို အနိုင်ရခဲ့တာကလည်း မှတ်တိုင်တစ်ခုပါပဲ။ အနုပညာရှင်တွေကို ထုတ်လုပ်ရေးဘက်က အသာစီးယူထားတဲ့စာချုပ်ကိစ္စတွေဟာ အိုလီဗီယာကြောင့် လျော့နည်းလာခဲ့စေတယ်လေ။ အိုလီဗီယာဟာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ နေထိုင်လျက်ရှိပြီး ဇူလိုင် ၁ ရက်နေ့မှာ အသက် ၁၀၂ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

Source : Bazaar

Share

Loading Next Article...
က္က