တစ်ယောက်တည်း ခရီးထွက်သင့်တယ်ဆိုတဲ့ အကြောင်းတွေကို မကြာခဏ ကြားဖူး၊ ဖတ်ဖူးကြမှာပါ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ဆို တစ်ယောက်တည်း ခရီးထွက်ဖို့က ခက်ခဲတတ်တယ်။ အဓိက အချက်ကတော့ လုံခြုံစိတ်ချရမှုကြောင့်ပါ။ မဒီလေးဟာ သတ္တိရှိပြီး တစ်ကိုယ်တော် ခရီးထွက်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ လုံခြုံစိတ်ချရဖို့အတွက် မဒီက ဒါလေးတွေ အကြံပေးလိုက်ချင်ပါတယ်။
၁။ လေ့လာပါ
ကိုယ်သွားမယ့်နေရာအကြောင်း ၊ ဓလေ့စရိုက်၊ စည်းမျဉ်းစည်းကမ်း၊ ထုံးစံတွေအကြောင်းကို သိထားဖို့ လိုပါတယ်။ အချို့ဒေသတွေမှာ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာတွေ ရှိတတ်တယ်လေ။ ဒေသခံတွေရဲ့ ထုံးတမ်းတွေကို လိုက်နာတာက သူတို့ကိုလေးစားရာရောက်ပါတယ်။ သူတို့ရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှုတွေကိုလည်း ပိုပြီးသိရတာပေါ့။ မသွားခင်တည်းက သွားမယ့်နေရာ၊ လမ်းကြောင်းကို ရင်းနှီးနေအောင် အထပ်ထပ်အခါခါ လေ့လာထားဖို့ အရေးကြီးတယ်နော်။
၂။ ပေါင်းသင်းဆက်ဆံရေးအဆင်ပြေမယ့်နေရာထိုင်ခင်း
ဟိုတယ်၊ တည်းခိုခန်းတွေမှာ တည်းလိုက်ရင် သက်တောင့်သက်သာရှိတာတော့ ဟုတ်တာပေါ့။ ကိုယ်က တစ်ယောက်တည်း တည်းခိုရမှာဖြစ်တဲ့အတွက် အရေးအကြောင်းဆို တိုင်ပင် အကူညီတောင်းလို့ရမယ့် နေရာမျိုးမှာ တည်းဖို့ မဒီက အကြံပေးချင်ပါတယ်။ တည်းတဲ့နေရာကလူတွေနဲ့ ခင်မင်ရင်းနှီးနေတဲ့အခါ အကြံဉာဏ်တွေလည်း တောင်းလို့ရတာပေါ့။
၃။ အဆက်မပြတ်မျှဝေပါ
မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လူရင်းတွေကို ကိုယ့်ရဲ့ခရီးစဉ်အကြောင်း အဆက်မပြတ် သတင်းပို့နေပါ။ ဘာလုပ်မယ်ဆိုတာလည်း ကြိုပြောထားပါ။ ဘယ်ရောက်နေတယ်ဆိုတာကိုလည်း သူတို့သိပါစေ။
၄။ နည်းပညာရဲ့အကူအညီကိုယူ
ဖုန်းတွေမှာ တည်နေရာကို ရှာနိုင်တဲ့ option တွေ ပါပါတယ်။ အဲ့တာတွေကိုလည်း သုံးတတ်အောင် လုပ်ထားပါနော်။ နောက်တစ်ခုက facebook messeger မှာ ဆိုရင်လည်း location share လို့ ရတယ်။ အဲ့တာလေးတွေကို စောနကပြောသလိုမျိုး ရင်းနှီးသူတွေဆီ၊ တည်းတဲ့နေရာက လူတွေဆီ ပို့ထားတာမျိုးက ကိုယ့်ရဲ့လုံခြုံရေးအတွက် ပိုစိတ်ချရပါတယ်။
Source : Forbes