ကိုရီးယားစတိုင်လ် ကြက်ကြော်စားဖူးပါသလား။ ကိုရီးယားစားသောက်ဆိုင်တွေမှာတော့ ကြက်ကြော်မှာစားရင် မုန်လာဥချဉ်ဖတ် ပန်းကန်ကို လာချပေးတတ်ပါတယ်။ မုန်လာဥချဉ်ဖတ်က ကင်ချီနဲ့တော့ မတူပါဘူး။ တရုတ်တန်းနားက ဂဏန်းကော်ကြော်ကို စားဖူးရင်တော့ မုန်လာဥချဉ်ဖတ်ကို ရင်းနှီးကျွမ်းဝင်ပါလိမ့်မယ်။ တကယ်တော့ ချိုချဉ်အရသာလေးနဲ့ မုန်လာဥချဉ်ဖတ်ဝိုင်းလေးတွေဟာ ကြွပ်ရွနေတဲ့ ကြက်ကြော်တို့၊ ကြက်ကင်တို့နဲ့ တွဲဖက်လိုက်မယ်ဆိုရင် အလွန်လိုက်ဖက်ပါတယ်။
ပြုလုပ်နည်းကလည်း တကယ်ကို လွယ်ကူရိုးရှင်းပါတယ်။ ကိုရီးယားစတိုင်လ် မုန်လာဥချဉ်ဖတ်ကိုတော့ ကြက်ကြော်နဲ့ပဲ တွဲစားစား၊ မြန်မာ့ရိုးရာ ငါးပိရည်တို့၊ ခရမ်းချဉ်သီးချက်တို့နဲ့ တွဲဖက်ပြီး အတို့အမြှုပ်အဖြစ်ပဲ လုပ်စားစား စားလို့ရပါတယ်နော်။ ပြုလုပ်နည်းလေးကိုတော့ အောက်မှာဖော်ပြထားပါတယ်။
ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းတွေကတော့ အလေးချိန် (၁) ပေါင်ခန့်ရှိတဲ့ မုန်လာဥအဖြူတစ်လုံး၊ သကြား (၁/၃) ခွက်၊ ရှာလကာရည်အကြည် (၁/၃) ခွက်နဲ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ၊ ရေ (၃/၄) ခွက်တို့ပဲ ဖြစ်ပါတယ်။
ပြုလုပ်နည်း
ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ သကြား၊ ရှာလကာရည်၊ ဆားနဲ့ ရေတို့ကို ရောထည့်လိုက်ပါ။ ပြီးရင် ဆားနဲ့သကြား ကောင်းစွာပျော်ဝင်သွားအောင် မွှေပေးလိုက်ပါ။
မုန်လာဥအဖြူ တစ်ပေါင်ခန့်ကို ရေစင်အောင်ဆေးကြောပြီး (၁/၃) လက်မအရွယ် ကုဗတုံးပုံ အတုံးလေးတွေဖြစ်အောင် လှီးဖြတ်လိုက်ပါ။ မုန်လာဥတုံးလေးတွေကို ရှာလကာရည်နဲ့ သကြား ရောထားတဲ့ ပျော်ရည်ထဲကို ရောထည့်လိုက်ပါ။ ပြီးရင် မုန်လာဥတွေရော၊ ပျော်ရည်တွေရောကို လေလုံအိတ်တစ်လုံး (သို့) လေလုံတဲ့ ဖန်ခရားတစ်လုံးထဲကို ပြောင်းထည့်ပြီး အလုံပိတ်ထားပေးလိုက်ပါ။
ရေခဲသေတ္တာထဲမှာ အချိန် (၂) ပတ်ခန့် အချဉ်စိမ်ပြီးရင်တော့ အသင့်စားသုံးနိုင်ရုံ အနေအထားကို ရရှိပါပြီ။ မစားခင် အနည်းဆုံး (၂) နာရီလောက် အအေးခံထားရင် အကောင်းဆုံးအရသာကို ရရှိစေနိုင်ပါတယ်။ ပြီးရင်တော့ မိမိနှစ်သက်ရာ အစားအစာတစ်မျိုးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။
Source: maangchi