အမဲသားက လူကိုသွေးအားကောင်းစေပြီး အားရှိစေတဲ့ အသားတစ်မျိုးပါ။ ဒါကြောင့်လည်း သွေးအားနည်းနေသူတွေနဲ့ ကိုယ်ခံအားနည်းနေသူတွေကို အမဲသားစားဖို့ တိုက်တွန်းကြတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ စားလို့မြိန်အောင် အမဲနံရိုးကို ကိုရီးယားစတိုင်လ်လေး ချက်စားဖို့ စဉ်းစားထားတယ်။ အားလုံးလည်း တူတူလိုက်ချက်လို့ရအောင် ဟင်းချက်နည်းလေးကို အောက်မှာဖော်ပြပေးထားပါတယ်နော်။
ပါဝင်ပစ္စည်းများ
အမဲနံရိုး (၂) ပေါင်ခန့်၊ ကြက်သွန်နီအကြီး (၁) လုံးခန့်၊ ကြက်သွန်ဖြူ (၈) တောင့်ခန့်၊ ပန်းသစ်တော်သီး (၂) လုံး၊ ဂျင်း (၂) တောင့်၊ ပဲငံပြာရည်အကြည်၊ သကြားညို (၁) ဇွန်း၊ ငရုပ်ကောင်းမှုန့် (၁) ဇွန်း၊ နှမ်းဆီ (၁) ဇွန်း၊ နှမ်းစေ့လှော် (၁) ဇွန်း၊ ပဲစိမ်းနဲ့ ထင်းရှူးစေ့ (သို့) သီဟိုဋ္ဌ်စေ့အနည်းငယ် တို့ကို လိုအပ်ပါတယ်။
ပြုလုပ်နည်း
အရင်ဆုံး အမဲနံရိုးကို အတုံးလေးတွေ တုံးတစ်ပြီးမှ ရေစင်အောင်ဆေးပြီး ရေနွေးပူပူထဲမှာ (၅) မိနစ်ခန့် ပြုတ်လိုက်ပါ။ ပြီးရင် ရေအေးထဲမှာ ခနလောက်ပြန်စိမ်ထားပေးလိုက်ပါ။ ခနကြာရင် အမဲနံရိုးတုံးတွေကို ဇောက်နက်တဲ့ ဒယ်အိုးတစ်လုံးထဲမှာ ထည့်ပေးလိုက်ပါ။
ကြက်သွန်နီရယ်၊ ကြက်သွန်ဖြူရယ်၊ ဂျင်းရယ်၊ သကြားညိုရယ်၊ ပန်းသစ်တော်သီး (ထက်ခြမ်းခြမ်းပြီး အရိုးနဲ့အစေ့ထုတ်ထားတာ) ရယ်၊ ပဲငံပြာရည်ရယ်၊ ငရုပ်ကောင်းမှုန့်ရယ်၊ ရေတစ်ခွက်ရယ်ကို blender (မွှေစက်) ထဲမှာ ထည့်မွှေပေးလိုက်ပါ။ ရလာတဲ့ အနှစ်ကိုတော့ အမဲနံရိုးအိုးထဲကို ထည့်ပေးလိုက်ပါ။
ပြီးရင်တော့ အဖုံးပိတ်ပြီး မီးဖိုပေါ်မှာ မီးပြင်းပြင်းနဲ့ နာရီဝက်ခန့် ချက်ပြုတ်ပေးလိုက်ပါ။ မကြာမကြာ ယောက်မနဲ့မွှေပေးပြီး နာရီဝက်ကြာရင် မီးကိုလျှော့ပေးလိုက်ပါ။ မီးပျော့ပျော့နဲ့ နောက်ထပ် မိနစ် (၂၀) ခန့် ချက်ပြုတ်ပေးလိုက်ပါ။
နောက်ထပ် မိနစ် (၂၀) ကြာရင်တော့ အမဲနံရိုးလေးတွေလည်း နူးလောက်ပါပြီ။ အရည်လည်း ခမ်းလောက်ပါပြီ။ ဒါဆိုရင် မီးပိတ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲကို ပြောင်းထည့်နိုင်ပါပြီ။
အပေါ်ကနေ ပဲစိမ်းစေ့လေးတွေနဲ့ သီဟိုဋ္ဌ်စေ့လေးတွေ ဖြူးပေးလိုက်ရင် အမဲနံရိုးဟင်းပွဲလေးတစ်နပ်ကို ချက်ပြုတ်ပြီးစီးပါပြီနော်။
Source: maangchi